October 30, 2024

လခရယာဥ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ခန့်မှန်းမြေပုံညွှန်း

MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ ကုလားမတောင်ကျေးရွာနှင့် ပုသိမ်လေးကျေးရွာ အကြား၊မန္တလေး-မတ္တရာကားလမ်းပေါ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ပုသိမ်လေး)အနီးတွင် အောက်တိုဘာ ၁၉ ရက် နေ့လည် ၁ နာရီကျော်က လခရယာဥ်အား မိုင်းခွဲပစ်ခတ်သဖြင့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လခရယာဥ်ထိခိုက်မှုမရှိသော်လည်း သုံးနှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

“နေ့လည် တစ်နာရီကျော်လောက်က “အုံး”ဆိုပြီး အသံကြားလို့ လှမ်းကြည့်လိုက်တာ လမ်းပေါ်မှာ စစ်ကားတစ်စီးဖြတ်သွားတာတွေ့လိုက်တယ်။ စစ်ကားဖြတ်သွားတာကို ချိန်ကိုက်မိုင်းခွဲတာဖြစ်မယ် ။ ခဏနေတော့ သေနတ်သံတွေလည်း ကြားတယ်။ အပြန်လှန်ပစ်တာလား။ တစ်ဘက်တည်းကပဲပစ်တာလားတော့ သေချာမသိဘူး။ စစ်ကားရော စစ်သားတွေရော အထိအခိုက်တော့ ဘာမှမဖြစ်သွားဘူး။ ဒါပေမဲ့ လမ်းဘေးမှာ ​သခွပ်ပွင့်ကောက်နေတဲ့ ကလေးမလေးတစ်ယောက်ထိပြီး သေသွားတယ်။ တော်သေးတယ် ကလေးတွေ ကျောင်းဆင်းချိန်မှာ ဖြစ်တာမဟုတ်လို့ ။ ကျောင်းနဲ့အရမ်းနီးတော့ ရွာထဲကမိဘတွေ စိတ်ပူကုန်ကြတာပေါ့” ဟု မိုင်းကွဲသည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်မှာ SAC ၏ လခရယာဉ် လုံခြုံရေးကင်းလှည့်နေစဉ်အတွင်း ချိန်ကိုက်မိုင်းခွဲခံရပြီး ယာဉ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ကားဖြတ်သွားပြီးမှ ၎င်းမိုင်းကွဲခဲ့ကြောင်းနှင့် အခင်းဖြစ်ရာအနီး၌ သခွပ်ပွင့်များကောက်နေသည့် (၃) နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်းမာသုခလူမှုကူညိရေးအသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

သေဆုံးသွားသော ကလေးငယ်သည်ကျေးရွာလမ်းဘေးတွင် ကျူးအဖြစ်နေထိုင်နေသောမိသားစု၏ ကလေးတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းလက်လုပ်မိုင်းကို မည်သည့်အဖွဲ့မှ ထောင်ထားသည်ကို မသိရှိရသေးကြောင်းနှင့် တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် နှစ်ရက်ဆက်တိုက် လက်လုပ်မိုင်းများခွဲခံနေရပြီး ယမန်နေ့ကလည်း ကပ်လျှက်ကျေးရွာများဖြစ်သည့် ကြာနီကန်ကျေးရွာနှင့် ထီးတော်မိုးကျေးရွာကြားတွင် ချိန်ကိုက်မိုင်းတစ်လုံးကွဲခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *