၇. ၆. ၂၀၂၃
Written by Peya
မွန်ပြည်နယ်မှ မလေးရှားသို့ လာရောက်အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦး လုပ်ငန်းခွင်မတော်တဆမှုကြောင့် ခြေထောက်နှစ်ချောင်းကျိုးသည့်အတွက် အစားထိုး ကုသရန် လိုအပ်နေပြီး မိသားစုများ၊ သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) မှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ အမျိုးသား၏ အမည်မှာ ကိုမျိုးထိုက်ဦးဖြစ်ပြီး မွန်ပြည်နယ်၊ သာသနာရွာတွင် နေထိုင်သည်ဟုသာ သိရပြီး ဖခင်အမည် ဦးကြည်ဝင်း၊ မိခင်အမည် ဒေါ်ချုံဟု သိရကာ လက်ရှိတွင် မလေးရှားနိုင်ငံက ကွာလာလမ်ပူမြို့ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရခြင်းဖြစ်ကြောင်း သိရသည်။
“လူနာက မိသားစုတွေ မိတ်ဆွေတွေကို တွေ့ချင်တယ်လို့ ပြောနေတယ်။ ဒါပေမယ့် သူပြောတဲ့စကားက ဝဲနေတော့ တော်တော်လေးကို နားမလည်ဘူး ဖြစ်နေတာ။ မလေးရှား စကားလည်း မတတ်ဘူး။ မြန်မာလို့တောင် မနည်း နားထောင်နေရတာ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
အဆိုပါ အမျိုးသားကို ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်တွင် လုပ်ငန်းခွင်ပြုတ်ကျသည့် ဒဏ်ရာဖြင့် ဆေးရုံသို့ လာပို့ပြီးနောက် ပို့ဆောင်သူများ ထပ်မံပေါ်မလာတော့ခြင်းဖြစ်ပြီး တရားဝင်နေထိုင်သည့် အထောက်အထားလည်း မတွေ့ရကြောင်း ၎င်းက ဆိုသည်။
“ခြေထောက်မှာလည်း စတီးရိုးထည့်ရမယ်လို့ သိရတယ်။ ခါးကလည်း ထည့်ရမယ့် သဘောရှိတယ်။ မိသားစုကိုလည်း အဆက်အသွယ်မရဘူး။ ဒီမှာ မိတ်ဆွေတွေလည်း အဆက်အသွယ်မရဘူး ဖြစ်နေတာပါ” ဟု တာဝန်ရှိသူက ရှင်းပြသည်။