MT News
Photo & Writer Naing Thuta
ဘဝနတ်ထံပျံလွန်တော်မူသွားသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော်ကြီး၏ အန္တိမဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားအား မန္တလေးမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်နေ့၊(ဇွန်လ ၆ ရက်နေ့) မွန်းလွဲ ၂ နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၏ အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီမှ စတင်ကာရေစက်ချတရားနာပွဲကျင်းပပြုလုပ်ခဲ့ပြီးနောက် ကျောင်း တိုက်မှတစ်ဆင့် လမ်းတစ်လျှောက်တွင်လည်း ဆရာတော်ဘုရားကြီးအား မန္တလေးနှင့် အနီးတဝိုက် မြို့များနေ ပြည်သူပြည်သားများစွာကလည်း ဖူးမြော်ကြည် ညိုခဲ့ကြောင်း သိရသည်။
ဆရာတော်ဘုရားကြီးအား သယ်ဆောင်လာသည့် ကရဝိတ်ယာဉ်တော်သည် ချမ်းမြသာစည်မြို့နယ် လေယာဥ်ကွင်းဟောင်းရှိ မီးလောင်တိုက်တော်တည်ရှိရာဈာပနကွင်းသို့ ညနေ ၆ နာရီတွင် ရောက်ရှိလာကာ ယာဉ်တော်အား လက်ယာရစ်၍ ပူဇော်ခံယူပြီးနောက် ရုပ်ကလပ်တော်အား ယာဉ်တော်မှ လောင်တိုက်တော်မင်္ဂလာဗိမာန်ထက်သို့ တင်ဆောင်ခဲ့ကြသည်။ ထို့ပြင်တာဝန်ရှိသူများမှလည်း ည ၇ နာရီ ၂၅ မိနစ်တွင် စတင်ကာ ဥတုဇရုပ်ကလပ်တော်အား တေဇော်ဓာတ်ပူဇော်ခြင်းများပြုလုပ်ခဲ့ပြီး အနယ်နယ်အရပ်ရပ်က လာရောက်ဖူးမြှော်ကြည်ညိုကြသည့် တပည့်ဒါကာ၊ ဒါကာမများကလည်းနောက်ဆုံးဝန်ချ ရှိခိုးကန်တော့ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ဗန်းမော်ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား ရေစက်ချတရားနာပြီးနောက် လောင်တိုက်တော်ရှိရာ ချမ်းမြသာစည်မြို့နယ်လေယာဉ်ကွင်းဟောင်း၌လည်း သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
ထို့ပြင် လေယာဉ်ကွင်းဟောင်းအတွင်း၌ရှိသော မီးပူဇော်မည့်လောင်တိုက်တော်သို့ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူသူတော်စင်များစွာမှ တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြကြောင်းလည်း သိရသည်။
ရုပ်ကလပ်တော်အား မီးပူဇော်ပြီးနောက် ဇွန်လ ၇ ရက်နံနက် ၅ နာရီခွဲတွင်လည်း သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များကို ဧရာဝတီမြစ်အတွင်းသို့ ရေမျှောပူဇော်သဘင်အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။