၆. ၆. ၂၀၂၃
Written by Nay Aung
အာဆီယံ၏ သဘာဝဘေးစီမံခန့်ခွဲရေးနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့ဖြစ်သော AHA Centre သည် မိုခါမုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများအတွက် ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဇွန်လအတွင်း နှစ်ကြိမ် ထပ်မံကူညီပေးပို့သွားမည်ဖြစ်ပြီး ဇွန်လ ၁၆ ရက်နှင့် ဇွန်လ ၂၂ရက်တို့တွင် ပင်လယ်ရေကြောင်းခရီးဖြင့် ကယ်ဆယ်ရေးပစ္စည်းများကို စတင်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သောလက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အာဆီယံသည် မုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများအတွက် စုစည်းညီညွတ်မှုရှိကြောင်း ပြသရန်အတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။ AHA Centre အဖွဲ့က ပေးပို့ကူညီသော အကူအညီပစ္စည်းများသည် မြန်မာနိုင်ငံသို့ ဇွန်လ ၂၀ရက်နှင့် ဇွန်လ ၂၇ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ပြီး အဆိုပါကူညီပေးရေးပစ္စည်းများထဲတွင် အစားအစာမဟုတ်သော ကူညီပေးရေးပစ္စည်းများ၊ ရေနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ပါဝင်မည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ ဥက္ကဋ္ဌရုံးက သတင်းထုတ်ပြန်ထားသည်။
အာဆီယံသည် မုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးပစ္စည်းများကို မေလ ၂၁ ရက်နေ့တွင် ပထမဆုံးအကြိမ်စတင်ပေးပို့ခဲ့ကြောင်း သိရသည်။ အာဆီယံအဖွဲ့သည် မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး အာဆီယံ၏ အရေးပေါ်တုံပြန်ရေးအဖွဲ့နှင့် ဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ ERAT အဖွဲ့၏ ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ချက်ကိုအခြေခံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကူညီပေးသွားဖွယ်ရှိနေကြောင်း သိရသည်။
အာဆီယံ၏လက်အောက်ခံအဖွဲ့ဖြစ်သော ERAT သည် မိုခါမုန်တိုင်းနှင့်ပတ်သက်ပြီး သက်ရောက်မှုများ၊ ပျက်စီးဆုံးရှုံးမှု လေ့လာအကဲဖြတ်မှုများကို ပြီးခဲ့သောမေလ ၃၀ ရက်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ AHA Centre သည် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ကျောက်တော်မြို့များမှ မုန်တိုင်းဒဏ်ခံရသူများကို ဇွန်လ ၂ ရက်နေ့တွင် လူသားချင်းဆိုင်ရာအကူအညီပေးရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေး ပစ္စည်း တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၄သန်းရှိကြောင်း သိရသည်။
Ref——- bernama