MT News
Written by Nay Moe
ပဲခူးတိုင်းရှိ စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)နှင့် ထန်းတပင်မြို့နယ်ရှိ နတ်ရွာတံတားတို့ကို မိုင်းခွဲလိုက်သဖြင့် တံတား ၂ စင်းလုံး ကျိုးကျပျက်စီးသွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” BPDF-Yoma က ဇွန်လ ၆ ရက်တွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။
KNU တပ်မဟာ(၂) (၃)နှင့် တပ်မဟာ (၅) ရှိ SAC ၏ တပ်စခန်းများသို့ အဓိက ထောက်ပို့လမ်းဖြစ်၍ ထိုတံတားနှစ်စင်းကို မိုင်းခွဲကာ ချိုးဖျက်လိုက်ခြင်းဖြစ်ပြီး ယနေ့မနက်တွင်လည်း နတ်သံကွင်းရဲစခန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး၍ သုံးဦးဒဏ်ရာရခဲ့သည်ဟုလည်း BPDF-Yoma က ပြောသည်။
ထို့ပြင် စစ်တောင်းတံတားထိပ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်ငါးဦးသေဆုံးကာ လေးဦးပျောက်ဆုံးနေကြောင်းနှင့် တံခွန်တိုင်ထိပ်ဘက်တွင်လည်း လခရသုံးဦးသေဆုံးခဲ့ကြောင်း လေယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုများရှိခဲ့ကြောင်းလည်း BPDF-Yoma က ပြောသည်။
စစ်တောင်းတံတား (နတ်သံကွင်း) သည် နတ်သံကွင်းမြို့နှင့် ကျောက်ကြီးမြို့ကို ချိတ်ဆက်ထားသော တံတားဖြစ်ကာ အရှည်ပေ ၇၂၀ ရှိပြီး PDF နှင့် KNU ပူးပေါင်းအဖွဲ့များ၏ မိုင်းခွဲမှုကြောင့် ၆၅ ပေခန့် လုံးဝကျိုးကျပျက်စီးခဲ့သည်။