MT News
Written by Nay Moe
ထန်းတပင်မြို့နယ် ရခိုင်ရိုးကြီးကျေးရွာတွင် မူကြိုဆရာမ နှစ်ဦး သ-တ်ဖြတ်ခံရမှု ဇွန်လ ၇ ရက်ညတွင် ဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ဇွန်လ ၇ ရက် ည ၆ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ အေးမေတ္တာလမ်းရှိ နေအိမ်၌ မိဘမေတ္တာ အမည်ဖြင့် ပုဂ္ဂလိကမူကြိုကျောင်းတွင် အသက် ၄၂ နှစ်အရွယ် မသဲမာလာဝင်းနှင့် အသက် ၂၄ နှစ်အရွယ် မဆောင်းသဇင်ဦးတို့ မိဘမေတ္တာမူကြိုဆရာမ၂ ဦး နေအိမ်အိပ်ခန်းအတွင်းရှိနေစဉ် အငှားယာဉ် အဖြူရောင်(ယာဉ်အမှတ်စိစစ်ဆဲ)ပေါ်မှ လူ ၄ ဦးဆင်းလာပြီး နေအိမ်အတွင်း ဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မသဲမာလာဝင်းနှင့် မဆောင်းသဇင်ဦးတို့ နှစ်ဦးစလုံးမှာ ဦးခေါင်းကျည်ထိမှန်ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
“ကားနဲ့လာပြီး အိမ်ထဲဝင်ပစ်သွားတာ။ ခေါင်းတွေပွင့်ထွက်ဒဏ်ရာနဲ့ ပွဲချင်းပြီး ဆုံးသွားတာ။ ပစ္စည်းတွေ ဘာတွေ ယူသွားတာတော့မရှိဘူးလို့လည်း သိရတယ်။ အခုတော့ အစစ်အဆေးတွေ အရမ်းများနေတယ်” ဟု အဆိုပါဖြစ်စဥ်ကို သိရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဟု သိရှိရမှုမရှိသေးကြောင်းနှင့် လက်ရှိအချိန်တွင် တာဝန်ရှိသူများက စိစစ်ရှာဖွေမှုပြုလုပ်နေကြောင်း ကနဦးသတင်းများအရ သိရသည်။
အဆိုပါဖြစ်စဥ်အပေါ် NUG နှင့် PDF များကို သတင်းထောက်ပို့ပေးနေသည့် Scout Channel များတွင် လှိုင်သာယာနှင့် ထန်းတပင်ကြား ရိုးကြီးတွင် ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း၊ အဆိုပါ အမျိုးသမီးနှစ်ဦးမှာ Non CDM ဆရာမများဖြစ်ကြောင်း၊ လှိုင်သာယာနှင့် ထန်းတပင်မြို့နယ်အတွင်း အင်အားများစွာဖြင့် ဧည့်စာရင်းစစ်မှုများ လုပ်နေကြောင်း၊ ဖုန်းများထဲရှိ အချက်အလက်များ ဖျက်ထားရန်လိုကြောင်း သတိပေးနေသည်ကို တွေ့ရသည်။