MT News
Written by Nay Aung
ဂျပန်အစိုးရသည် မိုခါမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးမှုအဖြစ် အမေရိကန်ဒေါ်လာ ၂ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ဂျပန်အစိုးရသည် မိုခါမုန်တိုင်းဒဏ်ခံရသူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ကူညီပေးမည့် ဒေါ်လာ ၂ သန်းအနက် ၁ ဒသမ ၅ သန်းက မြန်မာနိုင်ငံအတွက်ဖြစ်ပြီး ကျန် ဒေါ်လာ ၅ သိန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ခံရသူများအတွက်ဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရသည် မိုခါမုန်တိုင်းဒဏ်ခံရသူများအတွက် ပေးအပ်မည့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို သက်ဆိုင်ရာအစိုးရများထံပေးအပ်မည်မဟုတ်ဘဲ အကူအညီပေးလျက်ရှိနေသော နိုင်ငံတကာအဖွဲ့စည်းများထံ ကူညီလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ခံရသူများကို အစားစာများကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်(WFP) အဖွဲ့ထံ ဒေါ်လာ ၁ သန်း၊ မုန်တိုင်းဒဏ်ခံရသူများ ရေသန့်နှင့်အမိုးအကာများရရှိစေရန်အတွက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC)ထံ ဒေါ်လာ ၅သိန်း ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဂျပန်အစိုးရသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်ခံရသူများ ရေနှင့် မိလ္လာသုံးပစ္စည်းများရရှိရန်အတွက် နိုင်ငံတကာရွှေ့ပြောင်းသွားလာသူများအဖွဲ့ (IOM)ထံ ဒေါ်လာ ၅ သိန်း ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
Ref——- Ministry of Foreign Affairs of Japan