၇ .၆. ၂၀၂၃
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံတောင်ပိုင်းတွင် တည်ရှိသော နိုင်ငံ၏ အဓိကဆည်တစ်ခုလည်းဖြစ်သည့် ကာကော့ဗ်ကာ (Kakhovka) ဆည်မှာ ဇွန်လ ၆ ရက်က ပြိုလဲပျက်စီးခဲ့သောကြောင့် နိုင်ငံ၏စားနပ်ရိက္ခာသီးနှံများ အဓိက ထွက်ရှိရာနယ်မြေအတွင်း သီးနှံစိုက်ခင်းများ ပျက်စီးကာ ကျေးရွာများရေလွှမ်းမိုးလျက်ရှိပြီး သောက်သုံး ရေထောက်ပံ့မှုကိုလည်း ခြိမ်းခြောက်လျက်ရှိကြောင်းသိရသည်။
ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးကလည်း ဒေသခံအရပ်သားများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန်ကြိုးပမ်းနေကြပြီး ကာကော့ဗ်ကာဆည် ပျက်စီးမှုအတွက်လည်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲနေကြကြောင်း သိရသည်။
ယူကရိန်းဘက်က ရုရှားတစ်နှစ်ကျော်ထိန်းချုပ်ခဲ့သော ဒီနစ်ပါမြစ်(Dnieper River) ကမ်းဘေးရှိ ကာကောဗ့်ကာဆည်နှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို ရုရှားတပ်ဖွဲ့များက ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဟု စွပ်စွဲနေသလို ရုရှားတာဝန်ရှိသူများကလည်း နှစ်ဖက်အပြန်အလှန်တိုက်ခိုက်နေကြသော အဆိုပါနယ်မြေအတွင်း ယူကရိန်းဘက်က အမြောက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။ အပြန်အလှန်စွပ်စွဲမှုများအကြား စစ်ပွဲကိုရပ်ဆိုင်းအောင် ပြန်လည်စေ့စပ်မှုလုပ်ပေးရန်မှာလည်း မဖြစ်နိုင်ဘဲဖြစ်နေရသည်။
ယူကရိန်းနှင့် ရုရှားထိန်းချုပ်ထားရာနယ်မြေများအတွင်း အိမ်များ၊ လမ်းများနှင့်စီးပွားရေးလုပ်ငန်းများပါ ရေလွှမ်းမိုးခြင်းခံနေရပြီး ဒေသအာဏာပိုင်များအနေဖြင့် သောက်သုံးရေထောက်ပံ့မှုများအတွက် စိုးရိမ်လျက် ရှိကြသည်။ အရေးပေါ်ကယ်ဆယ်ရေးသမားများကလည်း နှစ်ဖက်စလုံးမှ ထိန်းချုပ်ရာနယ်မြေများအတွင်း ဒေသခံပြည်သူပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေကြသည်ကို တွေ့ရသည်။
ရုရှားနှင့် ယူကရိန်းနှစ်ဖက်စလုံးမှ အာဏာပိုင်များက ရထားများနှင့် ဘတ်စ်ကားများကိုအသုံးပြုလျက် ဒေသခံတို့အား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနေကြရာတွင် ရုရှားထိန်းချုပ်ထားရာနယ်မြေများအတွင်း ၂၅,၀၀၀ ခန့်ရှိပြီး ယူကရိန်းထိန်းချုပ်ထားရာနယ်မြေများတွင် ၁၇,၀၀၀ ခန့်ရှိကြောင်း သတင်းများက ဆိုသည်။ သို့သော် နှစ်ဖက်စလုံးက သေကြေဒဏ်ရာရမှုများရှိကြောင်း သတင်းထုတ်ပြန်မှုမရှိသေးပေ။
ယူကရိန်းက ဘီလာရုစ်နိုင်ငံနှင့်နယ်စပ်အနီး စတင်မြစ်ဖျားခံကာ ပင်လယ်နက်သို့ စီးဝင်သော ဒီနစ်ပါမြစ်ပေါ်တွင် ဆည်ခြောက်ခုရှိသည့်အနက် ငါးခုကိုထိန်းချုပ်ထားကာ ယူကရိန်းနိုင်ငံနှင့် ရုရှားပိုင်ဆိုင်သည့် ခရိုင်းမီးယားနယ်အတွက်ပါ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့ရေးတို့အတွက် အထူးအရေးပါသည့် မြစ်လည်းဖြစ်သည်။
Ref—–AP