၇. ၆. ၂၀၂၃
Written by Nyein Kyaw
ယနေ့ ဇွန်လ ၇ ရက်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်နိုင်ပြီဖြစ်ကြောင်းနှင့် စစ်တွေမြို့ရှိ ကျောက်ကပ်ဆေးသည့်စက်ကို ဦးစားပေးပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဇွန်လ ၆ ရက်တွင် ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးဆိုင်ရာ ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ၉၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနအနေဖြင့် 230 KV လိုင်းသည် ၉၃ ရာခိုင်နှုန်းနှင့် 66 KV ပုဏ္ဏား ကျွန်း- စစ်တွေလိုင်းသည် ၉၈ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဇွန်လ ၇ ရက်တွင် 230 KV လိုင်းနှင့် ဆက်စပ်၍ 66 KV လိုင်းမှ စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့များသို့ လျှပ်စစ် ဓာတ်အား ပို့လွှတ်နိုင်မည်ဖြစ်ကြောင်း၊ 11 KV လိုင်းဖြင့် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့ပေါ်သို့ လျှပ်စစ်ဓာတ်အား စတင်ပေးနိုင်တော့မည် ဖြစ်ကြောင်းနှင့် ကျန်းမာရေးနှင့်ပတ်သက်၍ စစ်တွေမြို့ရှိကျောက်ကပ်ဆေးသည့်စက်ကို ဦးစားပေးပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျောက်ကပ်ဝေဒနာ ရှင်လူနာများအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
“ဒီနေ့ပေးဖို့အတွက် လျှပ်စစ်မီးကတော့ ရောက်နေပြီ။ တန်းပေးထားတာတွေလည်း ရှိတယ်။ တစ်မြို့လုံးစမ်းသပ်ဖို့ကိုတော့ လုပ်နေကြတယ်။ ရောက်တာတော့ ရောက်နေပြီ။ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကို လျှပ်စစ်ကတော့ မဟာဓာတ်အားလိုင်းရောက်နေပြီ။ ဒါပေမဲ့ လေမုန်တိုင်းတိုက်တော့ အပျက်အစီးများသွားတော့ အိမ်တွေမှာလည်း ဝါယာကြိုးသွယ်တာတွေ ဘာတွေနဲ့ ပတ်သက်ပြီးတော့ လိုင်းတွေကို လိုက်စစ်နေတာတော့ရှိပါတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်း၊ ဆေးရုံ စသည်ဖြင့် ဦးစားပေး အဆင့်အလိုက် အဆောက်အဦများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရာသီဖြစ်သည့်အတွက် တောင်သူများအတွက်လိုအပ်သည့် မျိုးစေ့များနှင့် လယ်ယာသုံး စက်ကိရိယာများကိုလည်း အမြန်ဆုံးဖြည့်ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန်လိုကြောင်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။