၇. ၆. ၂၀၂၃
Written by Peya
ယမန်နေ့ညက ဧရာဝတီမြစ်ရေပြင်သို့ မိုးကြိုးပစ်ချခြင်းကြောင့် မြစ်ကမ်းစပ်တွင် ရှိနေသည့် ဗူးဘုရားကို မိုးကြိုးစက်ကွင်းထိမှန်ခဲ့ရာ အပေါက်ငယ် ၂ ပေါက် အပြင် အခြားထိခိုက်မှု အနည်းငယ် ရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံဌာနခွဲမှ ညွန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ မေလ ၆ ရက်၊ ညပိုင်း ၉ နာရီခွဲကျော် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိုသို့ ထိမှန်ခဲ့သည့်အတွက် ဗူးဘုရား စေတီတော်၏ လုံးပတ်တွင် စက်ကွင်းထိမှန်၍ တစ်လက်မခွဲအရွယ် အပေါက်ရာ ၂ ခု ဖြစ်ပေါ်ခဲ့ကာ ဇကောကွက်ကဲ့သို့ အရာထင်မှုလည်း ရှိခဲ့ပြီး ထီးတော်တွင် စိန်ဖူးတော်အောက်ခံ ကြာဖတ် ပဲ့သွားခြင်း၊ ငှက်ပျောဖူး ကြာဖတ်ထိပ်ပိုင်း ၆ လက်မခန့် ပဲ့သွားခြင်း နှင့် ထီးတော်ပတ်လည်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းများမဲသွားခြင်းတို့ ဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဘုရားရဲ့ လုံးပတ်တော်ပေါ့။ လုံးတော်နေရာမှာ အပေါက်ကလေး ဖြစ်သွားတာပေါ့။ အပေါက်ကလေးက အကျယ်က တစ်လက်မခွဲလောက် ရှိတယ်။ အနက်ကတော့ ၁ စင်တီမီတာလောက် ရှိတယ်။ ကြာာမှောက် ကြာလှန်လေးတွေက သုံးလေးခု ကြေသွားတာပေါ့။ ကြီးကြီးမားမား စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော် အခုပဲ အဲ့ဒီကနေ ပြန်လာတာပါ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။
ပြန်လည် ပြုပြင်ရန် အတွက် ရှေးဟောင်းအင်ဂျင်နီယာ အဖွဲ့က ငြမ်းဆင်နေကာ လေးရက်၊ ငါးရက်အတွင်း ပြီးစီးစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ပြီးတော့ မိုးကြိုးလွှဲတွေ တကယ် အလုပ်လုပ်လား၊ မလုပ်လားကို သက်ဆိုင်ရာ ဌာနနဲ့ ပူးပေါင်းပြီးတော့လည်း ပြန်စစ်မှာပါ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။