MT News
Written by Ye Kyaw
တရုတ်ဘက်တွင် ချိပ်ပိတ်ခံထားရသည့် ကျပ်သိန်းပေါင်း သုံးသိန်းခန့်ရှိ မြန်မာ့ပို့ကုန်များကို တရုတ်ကုန်သည်များထံသို့ လေလံတင်ပြန်လည်ရောင်းချခြင်းကို လျှောက်လွှာများ မပြည့်စုံမှုကြောင့် ဇွန်လ ၁၄ ရက်မှ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာ-တရုတ်နယ်စပ် ကုန်သည်များထံမှ သိရသည်။
“ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီအထိ စောင့်နေတာ မလုပ်ဖြစ်ဘူး။ ဒီနေ့မလုပ်ဖြစ်ဘူးဆိုပြီး စာထွက်ပြီ။ လေလံယှဉ်ပြိုင်တာကို ဇွန် ၁၄ ရက်မှ အားလုံးလေလံပစ်မယ်ပေါ့။ အခုက လျှောက်လွှာ မပြည့်စုံလို့ဆိုပြီး လေလံမပစ်တာလို့ စာထုတ်တယ်။ စာထုတ်တာကတော့ တရုတ်ဘက်ခြမ်းမှာပေါ့” ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။
မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်း ရွှေလီနှင့် ဝမ်တိန်အတွင်းရှိ ဂိုဒေါင်ခြောက်လုံးတွင် မြန်မာနိုင်ငံသား ရာနှုန်းပြည့်ပိုင်သည့် မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နှမ်း စသည့်ကုန်ပစ္စည်းတန်ချိန်နှစ်သောင်း (အိတ်ရေ လေးသိန်း) ကို ယူနန်ပြည်နယ်အပြင် အခြားသောမြို့များသို့ နယ်ကျော်ပို့ဆောင်မှုနှင့် ပြီးခဲ့သည့် ဧပြီ ၂၄ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရမှုနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဘက်မှ သံအမတ်ကြီးအဆင့်အထိ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ပြန်လည်ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
တရုတ်နိုင်ငံသို့ ပဲ၊ နှမ်းတင်ပို့သူများအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ် နှစ်နိုင်ငံလုံးတွင် တရားဝင်အခွန်များပေးဆောင်ကာ တင်ပို့လျက်ရှိပြီး ယခုကဲ့သို့ ဆောင်ရွက်နေမှုသည် အနည်းဆုံး ဆယ်စုနှစ် နှစ်ခုအထိရှိပြီဖြစ်ကြောင်း၊ ယခုတင်ပို့ထားသည့် ပဲ၊ နှမ်း၊ မြေပဲ တန်ချိန်နှစ်သောင်းကိုမူ ယူနန်ဒေသအပြင် တရုတ်နိုင်ငံရှိ အခြားသောဒေသများသို့ နယ်ကျော် ပို့ဆောင်ခြင်းကြောင့်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ တရုတ်နိုင်ငံဘက်သို့ ပဲ၊ နှမ်းများတင်ပို့နေမှုများ အခက်အခဲများဖြင့် ရင်ဆိုင်နေရသည့် အခြေအနေများကို နိုင်ငံတော်အဆင့်တာဝန်ရှိသူများမှ ကူညီဖြေရှင်းပေးစေလိုနေကြောင်းလည်း သိရသည်။