October 30, 2024

STA ၏ ဦးနှောက်မဲ့တိုက်ခိုက်မှုကို အရေးယူတာဝန်ခံရန် တော်လှန်ရေးအဖွဲ့အစည်းများက တောင်းဆိုသော ထုတ်ပြန်ချက်များအား တွေ့ရစဥ်

MT News

Written by Nay Moe

ပြည်သူငါးဦးသေဆုံးပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရသည့် အောက်တိုဘာ ၁၉ ရက် အင်းစိန်ထောင်ဖောက်ခွဲမှုလုပ်ရပ်အား Special Task Agency of Burma က ၎င်းတို့ တိုက်ခိုက်ခဲ့ကြောင်း ဝန်ခံလိုက်ပြီး တော်လှန်ရေးအဖွဲ့အစည်းအများစုကမူ အဆိုပါတိုက်ခိုက်မှုအား အသိဉာဏ်မဲ့တိုက်ခိုက်မှုအဖြစ် ရှုတ်ချနေကြသည်။

STA ၏ ထိုတိုက်ခိုက်မှုတွင် ထောင်ဝန်ထမ်းသုံးဦးသေဆုံးကာ ငါးဦးသာဒဏ်ရာရခဲ့သော်လည်း ပြည်သူငါးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရသည့်အပြင် သေဆုံးသူများတွင် နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သူ ကိုဂျိမ်း(ခ)ကိုလင်းထက်နိုင်၏ မိခင်ဒေါ်ကြီးမြင့်၊ Dark Shadow အဖွဲ့ဝင်ကိုဟိန်းမင်းထွန်း၏ မိခင်ဒေါ်သန်းကြွယ်နှင့် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခံရသည့်မိသားစုဝင်အများအပြား သေကျေဒဏ်ရာရရှိခဲ့သည်။

သို့သော် အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် STA ကမူ ၎င်းတို့၏ လုပ်ဆောင်ချက်မှာ အင်းစိန်ထောင်မှူးအား ရည်ရွယ်တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း အကြောင်းပြချက်ပေးထားသည်။

“ပြည်သူ့​တော်လှန်​ရေးအင်အားစု​တွေ လိုက်နာရန်အတွက် ကာကွယ်​ရေးဝန်ကြီးဌာနရဲ့ စစ်​ရေးဆိုင်ရာလှုပ်ရှားမှု ညွှန်ကြားချက်မှာ ပြည်သူ့အကျိုးစီးပွားနဲ့အသက်လုံခြုံမှုကို ထိပါး​စေမည့် စစ်​ရေးလှုပ်ရှားမှုကို ​ရှောင်ကြဉ်ရမည်လို့ ညွှန်ကြားထားပြီးသားပါ။ အင်းစိန်​​ထောင်တိုက်ခိုက်မှုမှာ ​ထောင်မှူးကိုရည်ရွယ်ပြီး တိုက်ခိုက်တယ်ဆို​ပေမယ့် ​ထောင်ဝင်စာလို​နေရာမျိုးက မနက်ရုံးဖွင့်ချိန်လို​အချိန်မျိုးထဲက အများပြည်သူများနှင့်အကျဉ်းသား/အကျဉ်းသူများရဲ့မိသားစု​တွေ စုရုံး​ရောက်ရှိ​နေကြတာဖြစ်ပါတယ်။ STA ရဲ့ တိုက်ခိုက်​ဆောင်ရွက်မှုက ညွှန်ကြားချက်ကိုသွေဖယ်​ဆောင်ရွက်​နေတာကို​တွေ့ရပါတယ်။ ဒီစစ်​ရေး​ဆောင်ရွက်မှုအတွက် တာဝန်ခံရမည်လို့ ယူဆပါတယ်” ဟု NLD လူငယ်နှင့် PDF ကိုပိုင်ရဲသူက ဝေဖန်ထားသည်။

STA ၏ တိုက်ခိုက်မှုမှာ ဦးနှောက်မရှိသော အကြမ်းဖက်တိုက်ခိုက်မှုသာဖြစ်ပြီး နစကမှ ချက်ခြင်းအရေးယူပေးရန် ကြိုးပေးခံခဲ့ရသည့် ကိုဂျင်မီ၏ ဇနီး ဒေါ်နီလာသိန်းက တောင်းဆိုခဲ့သလို Genral Strike Committee၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ၊ မှော်ဘီရင်သွေးတပ်နှင့် Burma Youth Network၊ Yangon Urban Guerrillas၊ Yangon Revolution Force၊ တကသများ(ရန်ကုန်) အပါအဝင်အခြားအဖွဲ့အစည်းများစွာတို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သည်။ ထို့အတူ ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံး တပ်ဖွဲ့ ကလည်း အင်းစိန်ထောင်အား ဗုံးခွဲခဲ့မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ကိုယ့်အမှားကိုယ် ဝန်ခံရန်နှင့် တော်လှန်ရေးအလွန်တွင် ပြစ်ဒဏ်ခံယူရန် တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

ပုံစာ။ STA ၏ ဦးနှောက်မဲ့တိုက်ခိုက်မှုကို အရေးယူတာဝန်ခံရန် တော်လှန်ရေးအဖွဲ့အစည်းများက တောင်းဆိုသော ထုတ်ပြန်ချက်များအား တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *