
မြန်မာ့ပင်လယ်ရေပြင်၏ ငါးသယံဇာတတည်ရှိမှုမှာ ၁၉၇၉-၁၉၈၀ ခုနှစ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ရေပေါ် နေငါးများတွင် ၈၀ ရာခိုင်နှုန်း၊ ရေအောက်နေ ငါးများတွင် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွား
၇. ၆. ၂၀၂၃
မြန်မာ့ပင်လယ်ကမ်းရိုးတန်းရှိ အဏ္ဏဝါသယံဇာတ ထိန်းသိမ်းရေးအတွက် ငါးသယံဇာတတည်ရှိနေမှုနှင့် ငါးမျိုးစိတ်များ ပျံ့နှံ့တည်ရှိနေမှုကို လေ့လာရန် စီစဉ်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောကြားကာ မြန်မာ့ပင်လယ်ရေပြင်၏ ငါးသယံဇာတတည်ရှိမှုမှာ ၁၉၇၉-၁၉၈၀ ခုနှစ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ရေပေါ် နေငါးများတွင် ၈၀ ရာခိုင်နှုန်း၊ ရေအောက်နေ ငါးများတွင် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနထံက သိရသည်။
မြန်မာ့ပင်လယ်ရေပြင်၏ ငါးသယံဇာတတည်ရှိမှုကို နော်ဝေနိုင်ငံ Dr. Fridtjof Nansen သုတေသနရေယာဉ်ဖြင့် သုတေသန ပြုလုပ်တွေ့ရှိချက်အရ ၁၉၇၉-၁၉၈၀ ခုနှစ်များနှင့် နှိုင်းယှဉ်ကြည့်ပါက ရေပေါ် ငါးများတွင် ၈၀ ရာခိုင်နှုန်း၊ ရေအောက်နေ ငါးများတွင် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အဆိုပါလျော့နည်းလာသည့် ငါးသယံဇာတများ ပြန်လည်တိုးပွားလာရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီမှု၊ အသင်းအဖွဲ့များ၏ ပူးပေါင်းပါဝင် လုပ်ဆောင်နေမှုများဖြင့် ငါးမဖမ်းဆီးရ ရာသီများ ပြင်ဆင်သတ်မှတ်ခြင်း၊ Vessel Monitoring System ဖြင့် ငါးဖမ်းရေယာဉ်များအား စောင့်ကြည့်ထိန်းချုပ်ခြင်း၊ ငါးလုပ်ငန်း အဖွဲ့ချုပ်များနှင့်ပူးပေါင်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တနင်္သာရီ ငါးဖမ်းရေပြင်အတွင်း လန်ပိကျွန်းအောက်ဘက်ရှိ ငါးဖမ်းကွက် ခြောက်ကွက်ကို Fish Conservation Zone သတ်မှတ်၍ ငါးဖမ်းဆီးမှုပိတ်ပင်ခြင်း စသည့်ထိန်းသိမ်းရေးလုပ်ငန်း များကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဇွန်လ ၅ ရက်တွင် ပြောကြားထားကာ သုတေသန ဆောင်ရွက်ရန်အတွက် ပင်လယ်ကမ်းရိုးတန်း အဏ္ဏဝါသယံဇာတထိန်းသိမ်းရေး သုတေသနနှင့် နည်းပညာဖလှယ်ရေး ပူးပေါင်းအဖွဲ့ ကို အတည်ပြုပြီးနောက် အဆိုပါ အဖွဲ့က ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဆက်စပ်အဖွဲ့တွေ ပါပါတယ်။ တပ်မတော် (ရေ) ပါတယ်။ နောက် ရေကြောင်းရဲ ပါတယ်။ နောက်ပြီးတော့ သစ်တော သဘာဝပတ်ဝန်းကျင်။ နောက် INGO ပါပါတယ်။ လေ့လာချိန်ကတော့ တော်တော်လုပ်ရမယ်။ ကျွန်တော်တို့ကတော့ သတ်မှတ်တော့မထားဘူး။ အချိန်တစ်ခုတော့ ပေးရမှာပေါ့။ မူလလုပ်ငန်းလည်း မထိအောင်။ ငွေရယ် ပစ္စည်းရယ်လည်း အဓိက ကျပါတယ်။ အဲ့ဒါတွေ ပြီးမှသာ လုပ်နိုင်မှာပါ။ တစ်နှစ်ကို နှစ်ကြိမ်တော့ အစည်းအဝေးထိုင်မှာပါ။ ရလဒ်တွေကို ဝိုင်းဆွေးနွေးပေးဖို့ပေါ့။ အဖြေထုတ်ဖို့ပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသရှိ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရန်အတွက် လက်ရှိသဘာဝနယ်မြေ (Protected Area) များအား စနစ်တကျထိန်းသိမ်း ကာကွယ်နိုင်ရေး မှတ်တမ်းတင် သုတေသနပြုလုပ်ရန်၊ တရားမဝင် ငါးဖမ်းဆီးမှုများမရှိစေရေး လူထုပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရန်၊ ကမ်းရိုးတန်းဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများ အထောက်အကူပြုစေရန်အတွက် သက်ဆိုင်ရာဌာနများနှင့် အခြားအကျိုးဆက်စပ်သူများ ပုဂ္ဂလိက၊ ဒေသခံပြည်သူ၊ လူမှုရေးအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရန်လည်း အစီစဉ် ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနထံက သိရသည်။