၆. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်၏ ပြည်နယ်လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်အဖွဲ့က တရုတ်စီးပွားရေး လုပ်ငန်းရှင်အုပ်စုများ ဥပဒေနှင့်မညီ ရင်းနှီးမြှုပ်နှံမှုများကြီးမားစွာ ပြုလုပ်နေကြသည့် မြန်မာ-ထိုင်း နယ်စပ်ရှိ မြန်မာနိုင်ငံ၏ မြို့နှစ်မြို့သို့ သောင်ရင်းမြစ်ကို ဖြတ်လျက် လျှပ်စစ်ဓာတ်အားပေးပို့နေခြင်းအား မြန်မာအစိုးရ၏တောင်းဆိုမှုအရ ရပ်ဆိုင်းသွားတော့မည်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ သတင်းအရင်းအမြစ်များက ဆိုသည်။
သို့သော် မဲဆောက်မြို့နှင့် မြန်မာဘက်ခြမ်း ခရီးသည်များနှင့် ကုန်ကားများနယ်စပ်ဖြတ်ကျော်သွားလာမှုများက မပုံမှန်အတိုင်းဖွင့်လှစ်ထားကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အားပေးပို့မှု ရပ်ဆိုင်းခြင်းခံလိုက်ရသော မြန်မာမြို့နှစ်မြို့မှာ ထိုင်းနိုင်ငံ၊ မဲရာမတ်ခရိုင်၊ မဲချာရောင်ခရိုင်ခွဲရှိ ဘန်ဝန်ပါမြို့၏ တစ်ဖက်ကမ်းရှိ ရွှေကုက္ကိုမြို့နှင့် မဲဆောက်ခရိုင်၊ မဲကုခရိုင်ခွဲအတွင်းရှိ Moo 3 ရွာ တစ်ဖက်ကမ်းရှိ လေးကေ့ကော်မြို့များဖြစ်ကြောင်းလည်း တက်ခ်ပြည်နယ်၊ လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်အဖွဲ့က ပြောခဲ့သည်။ အဆိုပါနှစ်မြို့စလုံးက မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်း တည်ရှိကြပြီး ဓာတ်အားပေးပို့မှုကို ဇွန်လ ၅ ရက် ည ၁၂ နာရီတွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ရွှေကုက္ကိုမြို့တွင် ကာစီနိုဆိုင်များ၊ ဖျော်ဖြေရေးဝင်းခြံများနှင့် အိမ်ယာစခန်းများတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့် ရင်းနှီးမြှုပ်နှံထားသည်။ လေးကေ့ကော်တွင်လည်း အလားတူရင်းနှီးမြှုပ်နှံမှုများကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံထားကြသေးသည်။
နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေသော ထိုင်းကုန်သည်တစ်ဦးက ရွှေကုက္ကိုတွင် နေထိုင်သူများက ထိုင်းနိုင်ငံဖက်မှဓာတ်အားဖြတ်လျှင် အဆင်သင့်ဖြစ်စေရန် ဂျင်နရေတာများ ဝယ်ယူထားကြကြောင်း ပြောခဲ့သည်။ တက်ခ်ခရိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးက နှစ်နိုင်ငံအကြား ဓာတ်အားပို့ဆောင်မှု သဘောတူညီချက်ကို ပြန်လည်သက်တမ်းတိုး ချုပ်ဆိုပြီးပါက ပြန်လည်၍ ဓာတ်အားပေးသွားမည်ဟုလည်း ပြောခဲ့သည်။ အဆိုပါဓာတ်အားဖြတ်တောက်မှုက နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ပိတ်ဆို့မှုတို့အပေါ် တစ်စုံတစ်ရာသက်ရောက်မှုရှိမည်မဟုတ်ဟုလည်း သိရသည်။
Ref—-Bangkok Post