၆. ၆. ၂၀၂၃
Written by Nay Moe
နိုင်ငံ့ဝန်ထမ်းလေးဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်မှုဖြစ်ပွားစေခဲ့သည့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးကို ဇွန်လ ၅ ရက်တွင် မိုင်းခွဲခဲ့သည့် Brave Eagles (UG) အဖွဲ့က ထိုနေ့ညတွင်ပင် အရှေ့ဒဂုံ USDP ရုံးကိုပါ ထပ်မံမိုင်းခွဲခဲ့သည်ဟု သိရသည်။
Brave Eagles (UG) အဖွဲ့သည် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်ကာ ဇွန် ၅ ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် ကျောက်တံတားမြို့နယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၃) ထပ်ထိ တက်ရောက်ကာ ချိန်ကိုက်မိုင်းအသုံးပြုပြီး မစ်ရှင်ဖော်ဆောင်ခဲ့ရာ Non CDM ဒုဦးစီးအရာရှိ၊ ဝန်ထမ်း ၃ ယောက်နှင့် အခွန်ဆောင်သည့် ပြည်သူ (၂)ဦး ထိခိုက်မှု ဖြစ်ပွားခဲ့သည်။
ဒုတိယမစ်ရှင် အနေဖြင့် ည ၇ နာရီ ၅ မိနစ်အချိန်တွင် အရှေ့ဒဂုံမြို့နယ် USDP ရုံးကို အဝေးထိန်းမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး မြေပြင်ထိခိုက်မှု အခြေအနေကိမသိရှိရသေးကြောင်းနှင့် မိုင်းခွဲသူ PDF များ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။