၆. ၆. ၂၀၂၃
Written by Ye Kyaw
ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများကို လျှင်မြန်စွာနှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အသင်းဝင်အဖြစ် လာရောက်လျှောက်ထားရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF)မှ ကြေညာထားသည်။
“အသင်းဝင်လို့ရှိရင်တော့ ရရှိမယ့်အကျိုးကျေးဇူးကတော့ အသင်းချုပ်က ပြုလုပ်တဲ့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ပွဲတွေ တက်ခွင့်ရမယ်။ ဝန်ကြီးဌာနနဲ့ ဆောင်ရွက်နေတဲ့အတွက် အဲဒါနဲ့ ပတ်သက်ပြီးတော့ ဥပမာ Passport ပဲဖြစ်ဖြစ် ဆောင်ရွက်တာတွေ၊ ဒီအသင်းက ချိတ်ဆက်ထားတဲ့ အစိုးရ၊ ပုဂ္ဂလိက Network တွေ အကုန်လုံးကို အကျိုးခံစားခွင့် ရှိမှာပါ” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့၊ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီ၊ ခွင့်ပြုချက်လိုင်စင်ရ စီးပွားရေးလုပ်ငန်းများ၊ တစ်သီးပုဂ္ဂလ (ဝန်ထမ်းမဟုတ်သော ကျွမ်းကျင်ပညာရှင်များ/ဝန်ထမ်းများ) အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အသင်းဝင်အဖြစ် လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
“အသင်းချုပ်ကနေ အရင်တုန်းကဆို အသင်းသား ဖိတ်ခေါ်တာမရှိဘူး။ အသင်းဝင်လည်း မရှိဘူး။ အလုပ်အမှုဆောင်တွေနဲ့ပဲ ဆောင်ရွက်နေတာပေါ့နော်။ အခုကျတော့ Travel and Tour တစ်ခုတင်မဟုတ်ဘဲ အခြားလေကြောင်းလိုင်းကလည်း လာပြီးတော့ အသင်းဝင်လို့ရတယ်။ ကုမ္ပဏီဝန်ထမ်းတွေကအစ အသင်းဝင်လို့ရတယ်။ အရင်ထက်စာရင် ဒီအသင်းကြီးကနေပြီးတော့ ခရီးသွားလုပ်ငန်းတွေကို တိုးတက်အောင် ဆောင်ရွက်တဲ့အချိန်ကျရင် ကဏ္ဍမျိုးစုံပါဝင်တဲ့ ပုံစံမျိုးကို ဆောင်ရွက်တာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍတွင် အပြင်းထန်ဆုံးအခက်အခဲများ ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်မည့် အခြေအနေကောင်းများ ရှိလာသည့်အတွက် တချို့သောခရီးသွားလုပ်ငန်းများမှာ လုပ်ငန်းပြန်လည်စတင်နိုင်နေပြီဖြစ်ကြောင်း သိရသည်။
“ဒီနေ့ဒီအချိန်မှာ ကိုဗစ်ကာလက စတင်ပြီး ကျွန်တော်တို့ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်။ လုပ်ငန်းအားဖြင့် လုံးဝလည်ပတ်မှုမရှိဘဲနဲ့ ရပ်သွားတာနဲ့ ဒီလိုခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်တဲ့ အခြေအနေတွေ ကျွန်တော်တို့ ပြန်ပေါ်ပေါက်လာပြီ။ တချို့သောခရီးသွားကုမ္ပဏီတွေလည်း လုပ်ငန်းတွေ ပြန်လည် လည်ပတ်နေတဲ့အခြေအနေလေး ပြန်ရောက်လာပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ပြီးခဲ့သည့်နှစ်နှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အခက်အခဲများသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍနှင့် သမိုင်းတစ်လျှောက်တွင်လည်း အဆိုးဆုံးအချိန်ကို ဖြတ်ကျော်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။