၆. ၆. ၂၀၂၃
Written by Nay Moe
အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသ-တ်ဖြတ်သူ တရားခံနှစ်ဦးကို ဖမ်းမိခဲ့ပြီး ထိုသူများကို ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်သော တရားခံပြေးဒီငြိမ်းလင်း ဦးဆောင်သောအဖွဲ့မှ ငွေကျပ်သုံးသိန်းပေးပြီး ခိုင်းစေခဲ့သည်ဟု သိရသည်။
၂၀၂၃ ခုနှစ် မေလ ၃၀ ရက် ည ၇ နာရီခန့်တွင် သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်ကို လူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လိုက်လံစုံစမ်းခဲ့ရာ ပြည်သူများ၏ သတင်းပေးချက်အရ ဇွန်လ ၄ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်ရှိ အဆောင်တစ်ခုအတွင်းမှ အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံခဲ့သည့် တရားခံ ကောင်းဇာနည်ဟိန်း (ခ) လပြည့် (၂၃) နှင့် ကျော်သူရ (ခ) အီးတီ (၃၀) နှစ်တို့ နှစ်ဦးကို ဖမ်းမိခဲ့သည်။
တရားခံနှစ်ဦး၏ ထွက်ဆိုချက်အရ ၎င်းတို့သည် KNLA တပ်မဟာ (၁) တွင် အကြမ်းဖက်ဖောက်ခွဲသင်တန်းများ တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ဇွန်လတွင် Special Task Force PDF အဖွဲ့ထံဝင်ရောက်ကာ ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီးတွင် STF က ဖွင့်လှစ်သည့် အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ STF အဖွဲ့အား ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် တရားခံပြေးဒီငြိမ်းလင်းနှင့် ဟေဇယ်တို့ ခေါင်းဆောင်ကာ ရန်ကုန်မြို့တွင် အကြမ်းဖက်တိုက်ခိုက်ရန် ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာ ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်တွင် ဘော်ဒိုင်းကျေးရွာအနီးရှိ စခန်းကို စစ်ကြောင်းထိုးလာသဖြင့် ကော့ကရိတ်မြို့အတွင်း ရှောင်ပုန်းခဲ့ရကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီတွင် ဒီငြိမ်းလင်းက STF အဖွဲ့ဝင် ၂၆ ဦးအား ဗုံးခွဲတိုက်ခိုက် သ-တ်ဖြတ်မှုပြုလုပ်ရန် ရန်ကုန်တိုင်းသို့ စေလွှတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။
ထို့ကြောင့် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့နှစ်ဦးသည် ကော့ကရိတ်မှ ရန်ကုန်မြို့သို့ပြန်လာခဲ့ပြီး ကမာရွတ်မြို့နယ်ရှိ အမျိုးသားအဆောင်တစ်ခုတွင် တစ်လကျပ် ၁ သိန်းဖြင့် ငှားနေခဲ့ကြပြီး ကောင်းဇာနည်ဟိန်းက ဘုရင့်နောင်ရှိ ကားဝပ်ရှော့ခ်နှင့် ကျော်သူရက မင်္ဂလာဒုံမြို့နယ်ရှိ လေထိုးကျွတ်ဖာဆိုင်တွင် ကြုံရာဝင်လုပ်ခဲ့ပြီး ဒီငြိမ်းလင်းခိုင်းစေမည့်အချိန်ကို စောင့်ခဲ့ကြသည်။ ထို့နောက် ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော်၊ နွေနွေတို့လေးဦးက ရန်ကုန်သို့ ရောက်နေသော STF အဖွဲ့ဝင် ၂၆ ဦးကို တယ်လီဂရန်မှတစ်ဆင့် ခိုင်းစေခဲ့သည်ဟု သိရသည်။
တရားခံ ကောင်းဇာနည်ဟိန်းထွက်ဆိုချက်အရ ဒီငြိမ်းလင်းနှင့် ဟေဇယ်က မေလ ၂၅ ရက်တွင် သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်၏ ဓာတ်ပုံနှင့် အချက်အလက်များကို တယ်လီဂရန်မှ ပေးပို့ပြီး လုပ်ကြံသ-တ်ဖြတ်ရန် ခိုင်းစေခဲ့ကာ မေ ၂၈ ရက်တွင် ပစ္စတိုတစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်တောင့် ၂၀ ကို ဟေဇယ်က ပေးပို့ခဲ့သည်။
ထို့ကြောင့် တရားခံ ကောင်းဇာနည်ဟိန်း (ခ) လပြည့် (၂၃) နှင့် ကျော်သူရ (ခ) အီးတီ (၃၀) နှစ်တို့ နှစ်ဦးက သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်ကို လုပ်ကြံသ-တ်ဖြတ်ရန် နေထိုင်သည့် တိုက်ခန်းအနီး နေ့စဉ်သွားရောက်ကာ အခြေအနေစောင့်ကြည့်ပြီး မေ ၃၀ ရက်တွင် တရားခံ ကောင်းဇာနည်ဟိန်း (ခ) လပြည့်က အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် ပစ္စတိုနှင့် လက်နက်ခဲယမ်းများကို တရားခံပြေးယသော်၏ စီစဉ်မှုဖြင့် STF အဖွဲ့ဝင်တစ်ဦးထံ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ထိုသို့ ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်အား လုပ်ကြံသ-တ်ဖြတ်နိုင်ခဲ့သည့်အတွက် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့က Wave Pay မှတစ်ဆင့် ငွေကျပ်သုံးသိန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ဒီငြိမ်းလင်းက ငွေသုံးသိန်းပေး သ-တ်ဖြတ်ရန် စေခိုင်းခဲ့မှုကြောင့် လုပ်ကြံခံရသူ သရုပ်ဆောင်/အဆိုတော် ဒေါ်လီလီနိုင်စိုး (ခ) လီလီနိုင်ကျော်မှာ ယနေ့ ဇွန်လ ၆ ရက် မနက် ၆ နာရီတွင် ကွယ်လွန်ခဲ့ပြီဖြစ်ပြီး တရားခံများအား ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။