October 30, 2024

၁၉-၁၀-၂၀၂၂

Written By Nay Moe

အင်းစိန်ထောင်အား ဗုံးခွဲခဲ့မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး ကိုယ့်အမှားကိုယ် ဝန်ခံရန်နှင့် တော်လှန်ရေးအလွန်တွင် ပြစ်ဒဏ်ခံယူရန် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ (Anti-Fascist Armed Force) က အောက်တိုဘာ ၁၉ ရက်တွင် တောင်းဆိုလိုက်သည်။

အင်းစိန်ထောင် ထောင်ဝင်စာပို့တဲ့ နေရာကို ဗုံးထည့်ပေးတဲ့ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်‌ရှုချခြင်းဟူသော ခေါင်းစဉ်ဖြင့် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ – Anti-Fascist Armed Force က တောင်းဆိုစာတွင် “ယနေ့ မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အင်းစိန်ထောင် ထောင်ဝင်စာပို့တဲ့နေရာ ပါဆယ်ပုံးတခုမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝန်ထမ်း သုံးဦးနဲ့ လက်ရှိအချိန်အထိ အပြစ်မဲ့ ပြည်သူ ဆယ်ဦးကျော် သေဆုံးခဲ့ကြောင်း ဝမ်းနည်းစွာဖြင့် ကြားသိရပါသည်။ သေဆုံးသွားရတဲ့ ပြည်သူအများစုမှာ တော်လှန်ရေးအတွက် ပါဝင်ရင်း ထောင်ဒဏ်ကျခံနေရတဲ့ ရဲဘော်ရဲဖက်များရဲ့ မိသားစုဝင်များ ဖြစ်ကြပါသည်။ တချို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ မိသားစုဝင်များပါဝင်သူကို တွေ့ရပါသည်။ စစ်ကောင်စီဆိုတာ ကျနော်တို့ အပြင်းအထန်တိုက်ခိုက်ရမယ့် ရန်သူများဖြစ်သည်။ သို့သော် ဆင်ခြေတုံတရားအားနည်းမှုကြောင့် ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများဟာ ကိုယ့်ဘက်ကိုယ်ပါ ထိခိုက်လာနိုင်ကြောင်း မူလအစကပင် လေ့လာသင့်ပေသည်။ ထိုသို့မဟုတ် စကစလက်အောက်ခံ သွေးသောက်အဖွဲ့၊ ပျူစောထီးအဖွဲ့များရဲ့ လုပ်ရပ်များလည်း ဖြစ်နိုင်ပေသည်။ တချို့ပြည်သူများဟာ စစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါသည်။ အခုအခါ တော်လှန်ရေးရဲဘော်များရဲ့  မိသားစုဝင်များသေဆုံးရသည်သာမက ထောင်ထဲတွင် ရှိနေသာ ရဲဘော်များရဲ့ နေထိုင်မှု ၊ ရိက္ခာ၊ ဆေးဝါး ရရှိမှုကိုပါ စစ်ကောင်စီက ပိုမိုတင်းကြပ်လာနိုင်ပြီး ထောင်တွင်းအခြေအနေကိုပါ ရှုပ်ထွေးစေလာနိုင်သည်။ ထို့ကြောင့် ယနေ့ ဖြစ်စဉ်ကျူးလွန်သူများကို ကျွန်တော်တို့ အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချသလို ကိုယ့်အမှားကိုယ် ဝန်ခံရန်နှင့် တော်လှန်ရေးအလွန်ကာလတွင် အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုကို ရဲရဲဝင့်ဝင့် ပြစ်ဒဏ်ခံယူရန် ကျွန်တော်တို့ ဖဆလတ အနေနဲ့ တောင်းဆိုပါသည်” ဟု ဖော်ပြခဲ့သည်။

တော်လှန်ရေးလုပ်ဆောင်သည်ဟုဆိုကာ ပြည်သူများထောင်ဝင်စာတွေ့ရာနေရာအား လက်လုပ်ဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် တက်ကြွလှုပ်ရှားသူနိုင်ငံရေးသမား ကိုလင်းထက်နိုင်၏ မိခင် ဒေါ်ကြည်မြင့်(ဒေါ်ကြီးမြင့်) ဗုံးဆံထိမှန်ကွယ်လွန်ခဲ့သလို အခြားသော နိုင်ငံရေးလှုပ်ရှားသူများ၏ မိသားစုဝင်များလည်း သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် ပြည်သူငါးဦးသေဆုံးကာ၊ ၉ ဦးဒဏ်ရာရရှိပြီး အကျဉ်းဦးစီးဝန်ထမ်းသုံးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

တော်လှန်ရေးအင်အားစုများကို ပြန်လည်ဖွဲ့စည်းထားသည့် ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ – Anti-Fascist Armed Force သည် ၂၀၂၂ ခုနှစ် မတ်လမှ ဇွန်လအတွင်း ဖောက်ခွဲတိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်ထားကာ ကမ္ဘာ့ရတနာဘဏ်မှ အကြီးတန်းမန်နေဂျာ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးစောမိုးဝင်းအား ယခုနှစ် ဧပြီ ၁၈ ရက်က သတ်ဖြတ်ခဲ့သည့် အဖွဲ့အစည်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *