MT News
Written by Nay Aung
လူနေမှုအဆင့်တန်းမြင့်တက်လာခြင်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြန်မာနိုင်ငံတွင် လူနေအိမ်ယာတည်ဆောက်မှုလုပ်ငန်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း လက်ရှိထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်အခြေစိုက်ကာဈေးကွက်သုတေသနနှင့် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၅၀ ကျော်ရှိ ကုမ္ပဏီများအတွက် အကြံပေးလုပ်ငန်းများလုပ်ကိုင်နေသော Technavio အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
Technavio အဖွဲ့သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်းဖြစ်လာနိုင်ဖွယ်ရှိနေသော မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်ခန့်မှန်းချက်ကို ဇွန်လ ၃ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်အရွယ်အစားသည် အမေရိကန်ဒေါ်လာ ၁၈၁ ဒသမ ၃ သန်းအထိ မြင့်တက်လာဖွယ်ရှိနေကြောင်း Technavio အဖွဲ့က သုံးသပ်ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် လူနေအိမ် အဆောက်အဦများ တိုးမြင့်လာမည်ဖြစ်သည့်အတွက် လူနေအိမ်ယာ အဆောက်အဦတည်ဆောက်မှုလုပ်ငန်းများ လက်ရှိထက် မြင့်တက်လာဖွယ်ရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အတွင်း မိသားစုလိုက်နေထိုင်နိုင်သော အိမ်ယာများ၊ ကွန်ဒိုမီနီယံများ၊ နှစ်ထပ်တိုက်များ၊ ရပ်ကွက်အိမ်များနှင့် မိသားစုအစုံနေထိုင်နေသော အိုးအိမ်အဆောက်အဦများတည်ဆောက်မှု တိုးမြင့်လာမည်ဖြစ်ကြောင်း Technavio အဖွဲ့ကပြောသည်။
ထို့အပြင် အိမ်ဝယ်သူများသည် အိမ်ယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်လာဖွယ်ရှိနေကြောင်း၊ အထူး သဖြင့် အိမ်ဝယ်သူများသည် လုံခြုံပြီး ပိုမိုအေးချမ်းသောဘဝတစ်ခုကို တည်ဆောက်နိုင်ရန် လက်ရှိအချိန်မှစတင်ပြီး ကြိုးပမ်းနေကြောင်း Technavio က သုံးသပ်ထားသည်။
သို့သော်လည်း အိမ်ယာအဆောက်အဦများ တည်ဆောက်ရာတွင် အဓိက အသုံးပြုသောကုန်ကြမ်းပစ္စည်းများဖြစ်သည့် သစ်၊ သံ၊ ဘိလပ်မြေ အစရှိသော ပစ္စည်းများသည် ယခင်ထက်ဈေးနှုန်းမြင့်တက်လျက်ရှိနေကြောင်း Technavio အဖွဲ့က သုံးသပ်ထားသည်။
Ref——-Technavio