MT News
Written by Nay Moe
တပ်နှင့် MNDAA တို့အကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA တပ်ဖွဲ့ဝင် တစ်ဦးသေကာ တစ်ဦးဒဏ်ရာရခဲ့သည်ဟု MNDAA သတင်းများကို ထုတ်ပြန်ဖော်ပြပေးနေသော ကိုးကန့်သတင်းမီဒီယာ The Kokang တွင် ဇွန်လ ၃ ရက် ဖော်ပြထားသည်။
ဇွန်လဆန်းမှ ယနေ့အထိ SAC ၏ တပ်ဖွဲ့နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့်(MNDAA)တို့နှင့် အထူးဒေသ(၁) မူပန်ဒေသနှင့် ကိုးကန့်ဒေသထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဇွန်လ ၂ ရက် နံနက် ၉ နာရီ ၉ မိနစ်ခန့်တွင် လခရတပ်ဖွဲ့သည် အထူးဒေသ(၁) မူပန်ခရိုင် ပြင်းတောင်ရွာအနီးရှိ MNDAA ၏ ယာယီတပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး နှစ်ဦးနှစ်ဖက် တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
ထို့ပြင် ဇွန်လ ၃ ရက်နေ့တွင် လခရတပ်ဖွဲ့သည် ကိုးကန့်ခရိုင် တုံရှမ်းဒေသမှ အခြေချနေသော MNDAA တပ်နှင့် တိုက်ပွဲနှစ်နာရီကြာဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်အချိန် လခရများသည် လူအင်အား ၁၀၀ စုစည်းပြီး MNDAA ရှိရာ ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့နေရာကို ပစ်ခတ်တိုက်ခိုက်လာခဲ့သည်။ တိုက်ပွဲသည် ညနေ ၃ နာရီအထိ ဖြစ်ပွားပြီး ကိုးကန့် MNDAA ဘက်မှ တစ်ဦး ကျဆုံး၊ တစ်ဦးဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် သတင်းအချက်အလက်အရ ယနေ့နံနက် ၁၀ နာရီခန့် ကိုးကန့်ခရိုင် ရှိရှမ်းဒေသ ကြာကျည်ရှူကျေးရွာအုပ်စု ကျန်တစ်ရှမ်းဘက်တွင်လည်း ပစ်ခတ်သံပြင်းပြင်းထန် ထန်ကြားရပြီး ကြာကျည်ရှူနေရာတွင်အခြေချနေထိုင်သော လခရတပ်ဖွဲ့သည် ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
ထို့ပြင် နှစ်ဦးနှစ်ဖက်ပစ်ခတ်တိုက်ခိုက်သောနေရာအနီး တာခုတ်ကျည်နေရာကို လခရများက သွားလာရာကားလမ်းကြောင်းကိုပိတ်ဆို့တားမြစ်ခဲ့သလို ယနေ့ ဇွန်လ ၄ ရက်သည် တာရွှေထန်၏ စျေးကွက်နေ့(စျေးရောင်းနေ့)ဖြစ်ပြီး တာရွှေထန်သို့လာရောက် စျေးဝယ်သူများ ရွာပြန်ချိန်တွင် တားမြစ်စစ်ဆေးခံရသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများ၏ ညှိနှိုင်းပေးမှုအရအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့သည် မိုင်းလားမြို့၌ ဇွန်လ ၁ ရက်နှင့် ၂ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။