၅. ၆. ၂၀၂၃
Written by Nyein Kyaw
မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ပညာရေးဆိုင်ရာ အဆောက်အဦ ၇၈ ခုနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အဦ ၂၂၅ ခုတို့ကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ တာဝန်ယူ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။
MCEF သည် မုန်တိုင်းဒဏ်သင့်ဒေသများ အမြန်ပြန်လည်ထူထောင်နိုင်ရေးအတွက် ရခိုင်ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်း ပျက်စီးသွားသော တက္ကသိုလ်များ၊ ကျန်းမာရေးဝန်ကြီးဌာနအဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဝန်ထမ်းဆောင်များ၊ လူနေအိမ်များကို တာဝန်ယူပြုပြင်ဆောင်ရွက်လျှက်ရှိသည်။
လက်ရှိတွင် စစ်တွေတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အထက်တန်းကျောင်း ၃၄ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၄၂ ကျောင်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ၇၈ ကျောင်းနှင့် ဆေးကုသရေးဆောင် ၆၉ ခု၊ ပြည်သူ့ကျန်းမာရေး ၁၅၁ ခု၊ တိုင်းရင်းဆေးအဆောက်အဦ ၅ လုံး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ အဆောက်အဦ ၂၂၅ ခု စုစုပေါင်း ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အဆောက်အဦ ၃၀၃ ခုတို့ကို ပြုပြင်ဆောင်ရွက်လျက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ ကုမ္ပဏီ ၉ ခုနှင့် ရခိုင်ပြည်နယ်ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကုမ္ပဏီ ၂၀ တို့က တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။