၅. ၆. ၂၀၂၃
Written by Nay Moe
ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းအောက်လမ်းရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် ယနေ့ နေ့လည်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဝန်ထမ်းများအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၄) ရပ်ကွက်၊ ပန်းဆိုးတန်းလမ်း၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံး(၃)၊ (၃)လွှာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှ ဝန်ထမ်းများဖြစ်သည့် မဖြိုးဖြိုးအောင်(ဒုဦးစီးမှူး)၊ မမြတ်မှူးခင်၊ ဒေါ်ခင်လတ်၊ မအဥ္စနတို့နှင့် ကုမ္ပဏီများဆိုင်ရာအခွန်ဌာနသို့ လာရောက်သည့် မဆုနှင်းဦးနှင့် မချယ်ရီတို့ ၆ ဦးတွင် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ မဖြိုးဖြိုးအောင်ပါ ၆ ဦးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာအား နယ်မြေခံလုံခြုံရေးအဖွဲ့က လာရောက်ရှင်းလင်းခဲ့ကြောင်း PAN သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဥ်အပေါ် NUG နှင့် PDF များအတွက် သတင်းများ ထောက်ပို့နေသည့် Rangoon Scout Network ကလည်း ပန်းဆိုးတန်းလမ်းပေါ် အခွန်ရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး Non-CDM များအပါအဝင် အထိအခိုက် ရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ပန်းဆိုးတန်းလမ်းကို မဟာဗန္ဓုလလမ်းထိပ်မှ ကမ်းနားလမ်းအထိ လမ်းပိတ်ခဲ့ပြီး အင်အား ၄၀ နီးပါးဖြင့် ပိတ်ဆို့စစ်ဆေးနေကြောင်း PDF များ ပေးပို့သည့်သတင်းကို ထပ်ဆင့်သတင်းဖော်ပြခဲ့သည်။
“ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်က အခွန်ရုံး ဒုတိယထပ်(သုံးလွှာ)မှာ ပေါက်ကွဲမှုဖြစ်တာ။ အခုတော့ ထိခိုက်ဒဏ်ရာရသူတွေ ဆေးရုံပို့ပြီး ပိတ်ဆို့စစ်ဆေးနေတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
MT News သတင်းဌာနအနေဖြင့် ဖြစ်စဥ်အသေးစိတ်ကို ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကိုပါ ဖော်ပြပေးသွားမည်ဖြစ်သည်။