October 30, 2024

အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် ဗုံးဆံထိမှန် ကွယ်လွန်သူများကို တွေ့ရစဥ် (Photo- Yangon People Forum)

၁၉. ၁၀. ၂၀၂၂

Written By Nay Moe

ယနေ့ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်ပေါက်ကွဲမှုဖြစ်စဥ်တွင် ကလေးငယ်တစ်ဦးအပါအဝင် ထောင်ဝင်စာလာတွေ့သူ ပြည်သူငါးဦးနှင့် ဝန်ထမ်းသုံးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု SAC က အတည်ပြုချက် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ဂိတ်ပေါက်ရှိ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက်သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်း ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရသည်။

အဆိုပါပေါက်ကွဲမှုများကြောင့် အခင်းဖြစ်နေရာအနီးတွင် တာဝန်ဝတ္တရားများ ဆောင်ရွက်လျက်ရှိကြသည့် အကျဉ်းထောင်တပ်သားများဖြစ်သော ကျော်ဇင်ဦး၊ ချစ်မိုးဝေနှင့် ပိုးအိစံ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူများဖြစ်ကြသည့် ဒေါ်သင်းသင်းချို(၅၄)နှစ်၊ မယွန်းမီမီကျော်(၁၀)နှစ်၊ ဒေါ်သိန်းကြွယ်(၅၆)နှစ်နှင့် စိစစ်ဆဲ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၈ ဦး တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြသည်။

ထို့ပြင် အကျဉ်းထောင် လက်ထောက်ကြီးကြပ်ရေးမှူး(၁) ဒေါ်သိင်္ဂီဝင်းမြင့်၊ အကျဉ်းထောင်တပ်သား ဇေယျာခင်စိုး၊ ထွန်းထွန်းနိုင်၊ သူရိန်ထွေး၊ သဒ္ဒါဖူးကိုကိုနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လာရောက်ပေးပို့သူများဖြစ်ကြသည့် မောင်ဖြိုးသူလျှံ (ခ)ပိုင်ပိုင်(၉)နှစ်၊ ကိုရန်နိုင်(၃၅)နှစ်၊ ကိုစည်သူအောင်(၃၈)နှစ်၊ မောင်ပြည့်စုံဖြိုး(၁၇)နှစ်၊ ကိုထက်နိုင်ထွန်းရှိန်(၃၃)နှစ်၊ ဒေါ်ဇာခြည်လွင်(ခ)မလုံးစီ(၄၃)နှစ်၊ မအေးစန္ဒာစိုး(၂၁)နှစ်၊ ဒေါ်မျိုးပပဝင်း(၄၁)နှစ်၊ မမေသွန်းနဒီနိုင်(၁၇)နှစ်၊ ဒေါ်နော်ဝါးဖော(၅၀)နှစ်၊ မဆွေသူအောင်(၂၉)နှစ်၊ မဇင်မာဝင်း(၃၄)နှစ်၊ ဒေါ်မိုးသီတာ(၅၃)နှစ် စုစုပေါင်း ၁၈ ဦးတွင် မိုင်းစ ထိမှန် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပိုဆောင်ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအား မိုင်းရှင်းလင်းရေးများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသည့် ပါဆယ်ထုပ်အတွင်းမှ လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိသဖြင့် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ပြီး ဖြစ်စဉ်တွင် အကျဉ်းထောင်ဝန်ထမ်းများနှင့် အပြစ်မဲ့အရပ်သား ပြည်သူများအား သေဆုံးထိခိုက်ဒဏ်ရာများရရှိစေခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့် အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဥ်တွင် သေဆုံးခဲ့သူများအနက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်၏ မိခင်လည်း ပါဝင်ခဲ့ပြီး ထိုသို့ ပြည်သူများသေဆုံးထိခိုက်အောင် တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းအား ဖဆလတအပါအဝင် တော်လှန်ရေးဆင်နွှဲနေသူများက ဝေဖန်ရှုတ်ချခဲ့ပြီး တိုင်းပြည်အေးချမ်းချိန်တွင် အပြစ်ဒဏ်ခံယူရန်လည်း ကြေညာချက်ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *