October 30, 2024

အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပွားအပြီး မြင်ကွင်းကို တွေ့ရစဥ် (Photo- YZTR)

၁၉. ၁၀. ၂၀၂၂

Written by Nay Moe

ယနေ့ နံနက်ဖြစ်ပွားခဲ့သည့် အင်းစိန်ထောင်ပေါက်ကွဲမှုတွင် ပြည်သူငါးဦးနှင့် ထောင်ဝန်ထမ်းသုံးဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်ဟု နောက်ဆက်တွဲသတင်းများအရ သိရသည်။

ထို့ပြင် အင်းစိန်ဗဟိုအကျဉ်းထောင်ပေါက်ကွဲမှုဖြစ်သည့်နေရာကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ ရှင်းလင်းစစ်ဆေးရာ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးကို ပါဆယ်ထုတ်တစ်ခုအတွင်းမှ ထပ်မံတွေ့ရှိကြောင်း News of Myanmar သတင်းဌာနက ဖော်ပြခဲ့သည်။

ထပ်မံတွေ့ရှိရသည့် လက်လုပ်ဗုံးမှာ ပါဆယ်လက်ခံသည့် အဆောက်အဦအတွင်း အထူးတရားရုံးသက်သေခံလာရောက်သူများ စာရင်းရေးသွင်းသည့် အုတ်ခုံကောင်တာပေါ်၌ ကြွပ်ကြွပ်အိတ်အဖြူရောင်အတွင်း၌ တီရှပ်လက်တိုနှစ်ထည်၊ မုန့်တစ်ထုတ်တို့နှင့် ဖုံးကွယ်ထားသော သံပိုက်ဖြင့်ပြုလုပ်ထားသည့် မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့သည်။

အင်းစိန်ထောင်အတွင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားမှုတွင် အကျဉ်းဦးစီးဝန်ထမ်းအကျဉ်းထောင်မှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့သေဆုံးပြီး ပြည်သူအမျိုးသမီးငါးဦး သေဆုံးခဲ့သည်။ ​သေဆုံးသူများမှာ ထောင်ဝင်စာလာပို့သူ ဒေါ်သင်းသင်းချို (မင်္ဂလာဒုံ)၊ မယွန်းမီမီကျော် (လှိုင်သာယာ)၊ ဒေါ်သိန်းကြွယ် (ကြည့်မြင်တိုင်) နှင့် နာမည်စိစစ်ဆဲနှစ်ဦးဖြစ်ကြောင်း ကနဦးသိရပြီး ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားသည်ဟု NOM က ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုတွင် စုစုပေါင်းရှစ်ဦးသေဆုံးသည့်အပြင် အကျဉ်းဦးစီးဝန်ထမ်းလေးဦးနှင့် ပြည်သူကိုးဦးစုစုပေါင်း ၁၃ ဦးဒဏ်ရာရကြောင်း ကနဦးသတင်းများအရ သိရသည်။

“ဆေးရုံမှာ ထပ်သေဆုံးသူတွေ ရှိသလို စိုးရိမ်ရလူနာတွေလည်း ပါတယ်လို့ သိရပါတယ်” ဟု MT News ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထောင်ဝင်စာလာတွေ့သူများ ပြန်လွှတ်ခဲ့သကဲ့သို့ တရားရင်ဆိုင်နေဆဲအကျဥ်းသားများ၏ ရှေ့နေများလည်း တွေ့ခွင့်ပိတ်ခဲ့သဖြင့် ပြန်လာခဲ့ရကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *