◾ ပြည်ပရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံမှ ပြန်နှင်ထုတ်ဖို့ မူဝါဒချမှတ်မှုကို အိမ်နီးချင်းနိုင်ငံများလက်ခံလိမ့်မည် မဟုတ်
၃. ၆. ၂၀၂၃
Translated by Htwe Ko Tun
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းနိုင်ငံ၏ မေလ ၁၄ ရက် ရွေးကောက်ပွဲ၌ အမတ်နေရာအများဆုံးရကာအနိုင်ရခဲ့သည့် Move Forward Party (MFP) ၏ ပြည်ပရွှေ့ပြောင်းအလုပ်သမားများအပေါ် ထားရှိသည့်မူဝါဒကို ဆန့်ကျင်ကြောင်း ဇွန်လ ၃ ရက် နံနက်က ထုတ်ဖော်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၊ ကန်ဒယ်လ်ပြည်နယ်၊ ပေါ်ဟီလူခရိုင်ရှိ ကန်တုံစက်မှုဇုံတွင် စက်ရုံလုပ်သား ၁၇,၀၀၀ ခန့်နှင့်တွေ့ဆုံရာ၌ ထိုင်းနိုင်ငံမှ အထူးသဖြင့် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာကဲ့သို့ ပြည်ပရွှေ့ပြောင်း အလုပ်သမားများကိုနှင်ထုတ်ရန် စီမံချက်တစ်ခုခု ရှိခဲ့ပါက ၎င်းက အဆိုပါသုံးနိုင်ငံ၏စီးပွားရေးကို သိသိသာသာ သက်ရောက်မှုရှိစေမည်သာမက ပြည်ပရွှေ့ပြောင်းအလုပ်သမားများစွာနှင့် လည်ပတ်လျက်ရှိသော ထိုင်းနိုင်ငံစီးပွားရေးကိုလည်း ဆိုးကျိုးသက်ရောက်စေလိမ့်မည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ပြောခဲ့သည်။
လက်ရှိ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်-အိုချာ ခေါင်းဆောင်သည့် ထိုင်းကြားဖြတ်အစိုးရလက်ထက်တွင် ထိုင်းနိုင်ငံ ရောက် တရားမဝင် ပြည်ပရွှေ့ပြောင်းအလုပ်သမား သန်းပေါင်းများစွာသည် ဥပဒေအရ အဆင့်အတန်းကို အာမခံ ချက်ရရှိထားကြကြောင်း၊ အကယ်၍ ၎င်းတို့ကို ထိုင်းနိုင်ငံမှ နှင်ထုတ်မည်ဆိုပါက ထိုင်းစီးပွားရေးကို မလွဲမသွေ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က ထပ်မံပြောကြားခဲ့သည်။
၎င်းက “Move Forward Party အနေနဲ့ အခုလို ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းနိုင်ငံက ပြန်နှင်ထုတ်ဖို့ မူဝါဒချမှတ်ထားတာကို ထိုင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း လက်ခံလိမ့်မှာမဟုတ်ဘူး” ဟု အထူးအလေးထားပြောကြားသွားခဲ့သည်။
ဆက်လက်၍ ထိုင်းနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ၎င်း၏ရှုမြင်ချက်များကို ပြောခဲ့ရာ၌ မစ္စတာဟွန်ဆန်က ထိုင်းနိုင်ငံရွေးကောက်ပွဲနိုင်ပါတီဖြစ်သော MFP ပါတီအနေဖြင့် ရွေးကောက်ပွဲကိုနိုင်ခြင်းက ဝန်ကြီးချုပ်နေရာရရှိခြင်းမဟုတ်သည်ကို သုံးသပ်နားလည်သင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် အမတ်နေရာ ၃၇၆ နေရာလိုကြောင်း၊ MFP က ရွေးကောက်ပွဲနိုင်ခဲ့သည့် အမတ်နေရာ ၁၅၁ နေရာနှင့် မရနိုင်ကြောင်း ပြောကြားသွားခဲ့သည်။
Ref—– Khmer Times