၃. ၂. ၂၀၂၃
Written by Ye Kyaw
မြန်မာ့ကုန်ထုတ်လုပ်မှု လေးလဆက်တိုက် တိုးတက်မှုရှိနေခဲ့သော်လည်း ကုန်ကြမ်းရှားပါးမှု၊ လျှပ်စစ်မီးပြတ်တောက်မှု စသည်တို့ကြောင့် မေလအတွင်း တိုးတက်မှု ပြန်လည်အားပျော့လာခဲ့ကြောင်း ဇွန်လ ၁ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ ထုတ်လုပ်မှုအားပျော့လာခဲ့ရသည့် အဓိကအကြောင်းအရင်းသည် အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု ကဏ္ဍနှစ်ခုလုံး မြင့်တက်မှုအားပျော့လာခြင်း၊ ကုန်ကြမ်းရှားပါးနေပြီး လျှပ်စစ်မီးပြတ်တောက်မှုများအကြားတွင် လက်ကျန်အလုပ်များ တိုးလာနေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာ့ကုန်ထုတ်လုပ်မှုသည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အဓိကအကျဆုံး S&P Global ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ်၏ အောင်မှတ် ၅၀ အထက်သို့ စတင်တက်လှမ်းနိုင်ခဲ့ကာ သုံးလဆက်တိုက်တိုးတက်ခဲ့ပြီး ဧပြီလအတွင်း PMI အညွှန်းကိန်းအမှတ် ၅၇ ဒသမ ၄ အထိ စံချိန်တိုးတက်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် မေလအတွင်း PMI အညွှန်းကိန်းအမှတ် ၅၃ တွင်ရှိနေခြင်းက ဦးမော့မှု အားပျော့လာခဲ့သော်လည်း PMI အညွှန်းကိန်း အောင်မှတ် ၅၀ အထက် လေးလဆက်တိုက် မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
“ပစ္စည်းပေးသွင်းမှုဆိုင်ရာ အချက်များ စက်မှုလုပ်ငန်းကြီးအပေါ်သို့ ဆက်ဖိစီးနေခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ကုန်ကြမ်းရှားပါးမှုများနဲ့ လူသားအရင်းအမြစ် မလုံလောက်မှုကို ထည့်ဖော်ပြနေကြပါတယ်။ ဒါ့ပြင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ အဆမတန် မြင့်မားလျက်ရှိနေပြီး ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ ကြန့်ကြာလာရမှုများကြောင့် ကုမ္ပဏီများဟာ တောင်းဆိုချက်များကို ဖြည့်တင်းပေးနိုင်ဖို့ သူတို့ရဲ့ သိုလှောင်ကုန်များကို အထူးအားကိုးနေရပါတယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။
S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။