◾ ထိုင်းတပ်မတော်၏ ပြုပြင်ပြောင်းလဲရေးစီမံချက်နှင့် MFP ပါတီ၏ စစ်ဖက်ပြုပြင်ပြောင်းလဲရေးတို့ အလှမ်းကွာဝေးကာ မကိုက်ညီဖြစ်နေပြီး ထိုင်းစစ်ဘက်ခေါင်းဆောင်များက MFP အာဏာရရှိရေး တားဆီးလာနိုင်
၂. ၆. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော Move Forward Party(MFP) ပါတီ၏ အစိုးရအနေဖြင့် စစ်ဖက်ပြုပြင်ပြောင်းလဲရေးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့မှုကို တုံ့ပြန်သောအားဖြင့် ထိုင်းနိုင်ငံ ကာကွယ်ရေးကောင်စီ က လက်နက်ကိုင်တပ်ဖွဲ့များအား သီးသန့်စီစဉ်ထားရှိရန် စီမံချက်တစ်ရပ်ကို ကြေညာခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် ချန်အိုချာက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့သော ကာကွယ်ရေးကောင်စီအစည်းအဝေးတစ်ရပ်တွင် ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များအား ပိုမိုထိရောက်မှုရှိသော စနစ်တစ်ရပ်အသုံးပြုရေး၊ အရေအတွက်လျှော့ချရေးနှင့် ခေတ်မီမှုရှိစေရေးတို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက စတင်ဆောင်ရွက်ခဲ့သည့် စီမံချက်တစ်ရပ်ကို မေလ ၃၁ ရက်က ပြောကြားဆွေးနွေးခဲ့ကြကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ကွန်ချိတန်ထရာဗာနစ်ရှ်က ပြောခဲ့သည်။
၎င်းက ထိုစီမံချက်မှာ MFP ပါတီ၏ အစိုးရသစ်လက်ထက်တွင် စစ်ဖက်ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မည်ဆိုခြင်းနှင့်အတူတကွလုပ်ဆောင်ရန်မရှိကြောင်း၊ ထိုစီမံချက်ကို ၂၀၀၈ ခုနှစ်မှပင်စတင်ခဲ့ကာ ငါးနှစ်လျှင်တစ်ကြိမ်ကျ အဆင့်လိုက် အကောင်အထည်ဖော်ခဲ့ကြောင်း၊ ၂၀၁၈-၂၀၂၂ ခုနှစ်ကာလ အပိုင်းနှင့် ၂၀၂၃-၂၀၂၇ ကာလအပိုင်းတို့အတွက် စီမံချက်များက နှစ် ၂၀ အမျိုးသားမဟာဗျူဟာနှင့်အညီ ညှိနှိုင်းပြုပြင်ခဲ့ကြောင်းလည်း ထပ်မံ ပြောကြားခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်ကြီး ကွန်ချိက “ဗိုလ်ချုပ်ကြီး ပရာယွတ်က အစည်းအဝေးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြုပြင်ပြောင်းလဲရေးဆိုတာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စီမံချက်နဲ့ လိုက်လျောညီထွေဆောင်ရွက်ရတာဖြစ်တယ်။ ဒါဘယ်သူပဲ အစိုးရသစ်ကိုဖွဲ့စည်းမှာဖြစ်ဖြစ် ဒီတိုင်းပဲဆောင်ရွက်ရမယ်လို့ ပြောခဲ့တယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ၎င်းက ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် ထိုင်းလက်နက်ကိုင်တပ်ဖွဲ့များအတွက် ပြုပြင်ပြောင်းလဲရေးကို ကိုယ်ပိုင်အစီအစဉ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ MFP ပါတီက တိုက်တွန်း၍ ဆောင်ရွက်ရခြင်းလည်းမဟုတ်ကြောင်း၊ MFP ပါတီက နိုင်ငံရေးအပြောင်းအလဲအတွက် အထောက်အကူတစ်ရပ်ဖြစ်ကြောင်း၊ သို့သော် ၎င်း၏မူဝါဒကို ထိုင်းတပ်မတော်၏ ထိုင်းတပ်ဖွဲ့များပြုပြင်ပြောင်းလဲရေးအတွက် စီမံချက်နှင့်အတူ တစ်စုံတစ်ရာပူးပေါင်းဆောင်ရွက်ရန်မရှိကြောင်းကိုလည်း ဝေဖန်ပြောကြားခဲ့သည်။
သတင်းအရင်းအမြစ်တစ်ခုအရ ထိုင်းဘုရင့်တပ်မတော်ဟုခေါ်သော ထိုင်းနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့များတွင် ယခုအခါ ဗိုလ်ချုပ်ကြီးအဆင့် ၁,၂၀၀ ခန့်ရှိပြီး ကာကွယ်ရေးကောင်စီက ၂၀၂၇ ခုနှစ်တွင် ထက်ဝက်ခန့်လျှော့ချရန်အဆိုပြုထားကြောင်းလည်း သိရသည်။
ချောင်ဘူရီပြည်နယ်ရှိ Burapha တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာကထိကတစ်ဦးဖြစ်သည့် အိုလန် တင်ဘန်သီယိုက ထိုင်းတပ်မတော်၏ ပြုပြင်ပြောင်းလဲရေးစီမံချက်က တပ်ဖွဲ့ဝင်အရေအတွက် လျှော့ချရန်နှင့် ကုန်ကျစရိတ်များလျှော့ချရန် ရည်ရွယ်ကြောင်း၊ ၎င်းက MFP ပါတီ၏မူဝါဒမှ များစွာအလှမ်းကွာကာ မကိုက်ညီဖြစ်နေကြောင်း၊ ထို့ကြောင့် အကယ်၍သာ MFP ပါတီက အစိုးရသစ်ဖြစ်လာပါက စစ်ဖက်ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် မအောင်မြင်နိုင်ဟု သုံးသပ်လိုကြောင်း၊ MFP ကလည်း ၎င်း၏မူဝါဒများကို အလျှော့မပေးဘဲ တင်းခံနေကြောင်း၊ ထို့ကြောင့် စစ်ဖက်ပြုပြင်ပြောင်းလဲရေးကိစ္စက MFP အတွက် အစိုးရသစ်ဖွဲ့စည်းရေးတွင် အဓိကအတားအဆီးတစ်ရပ်ဖြစ်နေကြောင်း၊စစ်ဘက်ထိပ်တန်းခေါင်းဆောင်များကလည်း MFP ပါတီက အာဏာရရှိလာမှုကိုတားဆီးရန် ၎င်းတို့တတ်နိုင်သမျှ အစွမ်း ကုန်ဆောင်ရွက်ကြလိမ့်မည်ဟု ယူဆမိကြောင်း သုံးသပ်ပြောကြားသွားခဲ့သည်။
Ref— Bangkok Post