MT News
Written by Hey Mar
မေလ ၃၁ ရက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ နဂါးရပ်တွင် အခြေခံပညာ အထက်တန်းကျောင်းသားနှင့် အလယ်တန်းကျောင်းသားနှစ်ဦး မိုးကြိုးစက်ကွင်းမိကာ သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ကျောက်တော်အခြေစိုက် ပရဟိတအသင်းမှ MT News သို့ အတည်ပြုသည်။
ဖြစ်စဥ်မှာ မောင်မြင့်မြတ်မောင် (၁၁) တန်းနှင့် မောင်လင်းလင်းထွန်း (၈)တန်းကျောင်းသား သူငယ်ချင်းနှစ်ဦးသည် မိုးရွာချိန် လက်ကိုင်ဖုန်း အသုံးပြု ဂိမ်းကစားနေရာမှ ဖုန်းမှတစ်ဆင့် မိုးကြိုးလျှပ်စစ်ဝင်လာကာ စက်ကွင်းမိသေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းသား၂ ဦးအား ယနေ့ဇွန်လ ၁ ရက်နေ့တွင် အသုဘရှု့အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့သည့် အားအလွန့် အလွန်ကောင်းသော မိုခါ ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် သက်တမ်းရင့် သစ်ပင်များ၊ အုန်းပင်များ အပါအဝင် အဆောက်အဦပျက်စီးဆုံးရှုံးမှုမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။ သို့ဖြစ်၍ ကွင်းပြင်သဖွယ် အပျက်အစီးများကြားတွင် ထိုးထောင်ထွက်နေသော တိုင်များ ၊ အဆောက်အဦ အပြိုအပျက်မှ အချွန်အတက်များ သည်လည်းကောင်း မိုးကြိုးလျှပ်စီးဓာတ်ကို ဆွဲခေါ်နေသကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်မှ ရှင်းပြသည်။
သူက” မိုးကြိုးပစ်တာက မိုးတိမ်တောင်တွေဖြစ်နေလို့။ရခိုင်မှာ မိုခါ ဝင်ပြီးမှ မိုးကြိုးတွေ ခဏ ခဏ ပစ်တယ်လို့ ထင်ရတာ။ မုန်တိုင်းက အကုန်သဲ့ ပလိုက်တဲ့အခါ အပျက်အစီးတွေ အချွန်အတက် တစ်နည်းပြောရရင် Static Electricen လို့ခေါ်တဲ့ ရေခိုးရေငွေ့ တိမ်တိုက်တွေ လေထုနဲ့ ပွတ်တဲ့အခါ မြေပြင်ပေါ်က အရာဝတ္ထု တစ်ခုခုက အဲ့ဒီအရာကို ဆွဲငင်သလိုဖြစ်နေရင် ဗို့အားသန်းနဲ့ချီပြီး မြေကြီးထဲကို ထိုးဆင်းတာ ဖြစ်တတ်တယ်။ အဲ့ဒီတော့ ကိုယ်က ကွင်းထဲ ရောက်နေတာပဲ ဖြစ်ဖြစ်၊ ကိုယ့်အနီးအနားမှာ မြင့်လွန်းတဲ့ တိုင်၊ သစ်ပင်၊ အဆောက်အဦ ရှိနေရင်ပဲဖြစ်ဖြစ် ကိုယ့်ကို မိုးကြိုးစက်ကွင်း မိတတ်တယ်။ ကိုယ့်ဆီလည်း တိုက်ရိုက်လာတတ်တယ်”ဟု ဆက်လက်ပြောသည်။
မိမိကို မိုးကြိုးပစ်တော့မည်သော်လည်းကောင်း စက်ကွင်းမိတော့မည်သော်လည်းကောင်း ခန္ဓာကိုယ်မှ တုံ့ပြန် အချက်ပြတတ်ကြောင်း ဦးဝင်းနိုင်က ဆိုသည်။ လျှပ်စစ်ဓာတ် ဆင်းသည့်အခါ ခံစားမိတတ်သည့် အခြေအနေများမှာ ခေါင်းမှ ဆံပင်များထောင်လာခြင်း ၊ ခန္ဓာကိုယ်ရှိမွှေးညှင်းများထောင်လာခြင်း စသည်ဖြင့် ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
“အဲဒီလို ခံစားမိလာပြီဆိုရင် မြေကြီးပေါ် ဝပ်သာ ချထားလိုက်။ ဒါဆို မိုးကြိုးပစ်မယ့် အန္တရာယ်နဲ့ စက်ကွင်းမိမယ့် အန္တရာယ်က လျော့နိုင်တယ်” ဟုဦးဝင်းနိုင်က ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ တစ်ပြည်လုံးတွင် မိုးတိမ်တောင်များဖြစ်ထွန်းနေပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ပါရန်ဟု ဖော်ပြပါရှိသည်။