၂. ၆. ၂၀၂၃
Written by Nay Aung
မြန်မာအစိုးရဘက်က တောင်းဆိုမှုကြောင့် ထိုင်းလျှပ်စစ်ဓာတ်အားပေးအာဏာပိုင်အဖွဲ့(PEA) သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းရှိ ရွှေကုက္ကိုလ်နှင့် လေးကေ့ကော် နေရာနှစ်ခုအတွက် လျှပ်စစ်ဓာတ်အားပေးဝေနေခြင်းကို လာမည့်သီတင်းပတ်မှစတင်ပြီး ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မဲဆောက်မြို့အာဏာပိုင်များက ပြောသည်။
လေးကေ့ကော်သည် KNU လက်နက်ကိုင်များ ကြီးစိုးထိန်းချုပ်ရာဖြစ်ပြီး ရွှေကုက္ကိုလ်သည် တရုတ်စီးပွားရေးသမားများဝင်ရောက်လုပ်ကိုင်နေသော မြို့သစ်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုများ၊ ပြန်ပေးဆွဲမှုများဖြင့် နာမည်ပျက်ထွက်ပေါ်နေသည်။
တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အဓိကရင်းနှီးမြှုပ်နှံနေသော အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနီးပါးတန်ဖိုးရှိ ရွှေကုက္ကိုလ် စီမံကိန်းတွင် မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းများ၊ လိမ်လည်မှုနှင့် လူကုန်ကူးလုပ်ငန်းများအပြင် တရားမဝင်ကာစီနိုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိနေကြောင်း စွပ်စွဲမှုများရှိနေသည်။
မဲဆောက်မြို့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော Somchai Trithipchartsakulက ၎င်းကို PEAအဖွဲ့မှ ထိုင်းနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနယ်စပ်ဒေသရှိ နေရာနှစ်ခုအတွက် လျှပ်စစ်ဓာတ်အားပေးဝေနေခြင်းများကို ဖြတ်တောက်သွားတော့မည့်အကြောင်းကို အသိပေးထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မဲဆောက်မြို့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အကြီးအကဲက ” ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဟာShwe Myint Thaung Yinn [SMTY] Industry နဲ့ Manufacturing Co. Ltd. ကုမ္ပဏီတို့နဲ့ ချုပ်ဆိုထားတဲ့ လျှပ်စစ်ဓာတ်အားပေးဝေရေးသဘောတူညီစာချုပ်ကို ဆက်လက်ချုပ်ဆိုတော့မှာမဟုတ်တဲ့အကြောင်းကို PEA အဖွဲ့ထံ အသိပေးထားတယ်။ PEA အဖွဲ့ကလည်း တက်ခ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံ မြန်မာနယ်စပ်ဒေသနှစ်ခုအတွက် လျှပ်စစ်ဓာတ်အားပေးဝေရေးကိစ္စကို ရပ်ဆိုင်းမှာဖြစ်လို့ ဖြစ်လာနိုင်တဲ့သက်ရောက်မှုတွေကို ကြိုတင်ပြင်ဆင်ထားဖို့ ထပ်မံအကြောင်းကြားခဲ့တယ်” ဟုပြောသည်။
PEA အဖွဲ့သည် မြန်မာနယ်စပ်ဒေသဖြစ်သော ရွှေကုက္ကိုလ်နှင့် လေးကေ့ကော် ဒေသနှစ်ခုအတွက် လျှပ်စစ် ဓာတ်အားပေးဝေနေခြင်းကို လာမည့် ဇွန်လ ၆ရက်နေ့တွင် ရပ်ဆိုင်းသွားဖွယ်ရှိနေကြောင်း မဲဆောက်မြို့ အုပ်ချုပ်ရေးအာဏာပိုင်များကပြောသည်။ မဲဆောက်မြို့ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အကြီးအကဲ၏ မှတ်ချက်စကားနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသည်စာဖြင့် မေးမြန်းမှုများကို တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိသေးကြောင်း Benarnews သတင်းဌာနက ဖော်ပြထားသည်။
ထိုင်းနိုင်ငံတက်ခ်ခရိုင်အုပ်ချုပ်ရေးမှူးက PEAအဖွဲ့သည် မြန်မာနိုင်ငံ ကရင်ပြည်နယ်ရှိ ဒေသနှစ်ခုကို လျှပ်စစ်ဓာတ်အားဖြတ်တောက်မည့်အကြောင်းကို အတည်ပြုပေးထားကြောင်း သိရသည်။
Ref——-benarnews