၂. ၆. ၂၀၂၃
Written by Pan Ei
၂၀၂၃ ဆီးဂိမ်းစ်မှာ ငွေတံဆိပ်ရယူနိုင်ခဲ့ပြီး M4 မှာ Top 6 အထိ ရောက်ရှိခဲ့တဲ့ Falcon Esports က Naomi ဟာ နိုင်ငံတကာ MLBB လောကမှာ အင်အားကြီးအသင်းဖြစ်တဲ့ အင်ဒိုနီးရှား RRQ Hoshi အသင်းကနေ ကမ်းလှမ်းခံခဲ့ရပြီး ပြောင်းရွှေ့ကစားတော့မယ်ဆိုတဲ့ အကြောင်းကို ဒီနေ့မှာ တရားဝင်အတည်ပြုလိုက်ပြီပဲ ဖြစ်ပါတယ်။
မြန်မာ့ MLBB လောကရဲ့ ထိပ်တန်းအသင်းဖြစ်တဲ့ Falcon Esports ဟာ အသင်းသားတွေရဲ့ ထွက်ခွာမှုနဲ့အတူ ဖျက်သိမ်းလိုက်ပြီလို့ မကြာသေးမီရက်ပိုင်းအတွက်က ကြေငြာခဲ့ပြီး Naomi အနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ထိပ်တန်းအသင်းတစ်ခုဆီ ပြောင်းရွှေ့ဆော့ကစားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လျှက်ရှိခဲ့ကာ ဒီနေ့မှာတော့ တရားဝင်အတည်ပြုခဲ့တာပဲဖြစ်ပါတယ်။
မြန်မာ့ ထိပ်တန်းကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့တဲ့ Naomi ဟာ လာမယ့် အင်ဒိုနီးရှား MPLရာသီရဲ့ ပွဲစဉ်တွေမှာ စတင် ပါဝင်သွားဖို့ရှိနေပြီး RRQ အသင်းက ထွက်ခွာသွားတဲ့ Roamer VYN နေရာမှာ ထည့်သွင်းကစားသွားနိုင်တယ်လို့ ထင်ကြေးပေးတာတွေလည်း ရှိနေပါတယ်။
RRQ အသင်းဟာ World Championship M1 မှာ ဒုတိယနေရာ၊ M4 မှာ တတိယနေရာနဲ့ အင်ဒိုနီးရှား MPL Title ကို ၄ ခါတိတိရရှိထားပြီး အခြားသော ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေသိမ်းပိုက်ထားနိုင်ခဲ့တဲ့ အစဉ်လာကြီးတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
ပြည်ပထွက်ကစားတဲ့ ပထမဆုံး MLBB ကစားသမားအဖြစ် မှတ်တမ်းထိုးနိုင်ခဲ့ပြီး မြန်မာ့အကောင်းဆုံး Tank ကစားသမားလို့ ပရိသတ်တွေက သတ်မှတ်ထားခဲ့ကြတဲ့ Naomi ကို နိုင်ငံတကာပွဲစဉ်တွေရဲ့ စင်မြင့်ထက်မှာ တွေ့မြင်နိုင်တော့မှာဖြစ်လို့ ပရိသတ်တွေက ချီးကျူးနေကြပြီး မြန်မာ့ Esports လောကမှာလည်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာဦးမလဲဆိုတာတော့ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။