၂. ၆. ၂၀၂၃
Written by Nay Aung
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို တင်ဆောင်လာသော ကားတစ်စီးသည် ဇွန်လ ၁ ရက် နံနက်ပိုင်းက Phra Nakhon Si Ayutthaya ပြည်နယ်၊ Bang Pa-in မြို့နယ်၊ Chiang Rak Noi ကျေးရွာအုပ်စု၊ Phaholyothin လမ်းမကြီးတွင် ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ကားမီးလောင်ခဲ့ရာ မြန်မာလုပ်သား လေးဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ခေါ်ဆောင်လာသော ကားသည် ဘန်ကောက်မြို့သို့ ဦးတည်မောင်းနှင်နေချိန်အတွင်း လမ်းတွင် ထိုင်းရဲတပ်ဖွဲ့ကို တွေ့ရှိခဲ့ပြီးနောက် ထွက်ပြေးရန် ကြိုးပမ်းခဲ့ကာ ကားကိုအရှိန်မြင့်မောင်းနှင်ချိန် အရှိန်မထိန်းနိုင်ဘဲ လမ်းချော်ကာ တိမ်းမှောက်ပြီး မီးလောင်ခဲ့သည်ဟု ထိုင်း Phra Inracha ရဲစခန်းမှ ဒု-ရဲမှူးကြီး ပွန်ပက် မီတိုက ပြောသည်။
မီးသတ်ဝန်ထမ်းများသည် မီးငြှိမ်းသတ်ချိန်အတွင်း ကားအတွင်း လိုက်ပါလာသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ ဦး သေဆုံးကာ ၆ ဦးဒဏ်ရာရခဲ့ကြောင်း၊ ကား တိမ်းမှောက်ကာ မီးလောင်သွားခဲ့ပြီးနောက် ကားထဲတွင်ပါဝင်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့သည် အပြင်သို့ ချက်ချင်းထွက်ပြေးနိုင်ခြင်းမရှိသည့်အတွက် ကားမီးလောင်မှုနှင့်အတူ ပွဲချင်းပြီးသေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကားမီးလောင်မှုဖြစ်ပွားရာနေရာရှိ ရွာသားများသည် ကားအပြင်ကိုရောက်ရှိကာ ဒဏ်ရာရနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့ကို ကူညီကယ်ဆယ်ပြီး ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ အဆိုပါ ကားပေါ်တွင် အသက် ၂၅နှစ်နှင့် အသက် ၃၀ အရွယ်ကြားရှိ မြန်မာအမျိုးသမီးရွှေ့ပြောင်းအလုပ်သမား ၆ ဦးနှင့် မြန်မာအမျိုးသား ရွှေ့ပြောင်းအလုပ်သမား ၄ ဦး လိုက်ပါလာခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်များတွင် ဖော်ပြထားသည်။
ဒဏ်ရာရသူ ၆ ဦးအနက် ၃ ဦးကို Wang Noi ဆေးရုံ နှင့် အခြား ၃ ဦးကို Bang Pa-In ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။ သေဆုံးသူ ၄ ဦးသည် ကားမောင်းသမား ထိုင်သည့်နေရာဘက်ခြမ်းတွင် ထိုင်နေသူများ ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ကားတိမ်းမှောက်ရာနေရာနားတွင် နေထိုင်သော မျက်မြင်တွေ့ရှိသူများက ၎င်းတို့သည် ကားကိုမီးအရှိန်ပြင်းစွာလောင်ကျွမ်းနေသည့်အတွက် ကားထဲတွင်ရှိနေသူများကို ကယ်တင်နိုင်ခြင်းမရှိခဲ့သော်လည်း ကားအပြင်ဘက်တွင်နေထိုင်သူများကို ကယ်တင်နိုင်ခဲ့ပြီး ဆေးရုံတင်နိုင်ခဲ့ကြောင်း သိရသည်။
Ref——- komchadluek.net