October 30, 2024

၁၉. ၁၀. ၂၀၂၂

Written by Nay Moe

မွန်ပြည်နယ်အခြေပြုတော်လှန်ရေး(MSRO) အဖွဲ့ခေါင်းဆောင်နှင့် ရေးမြို့နယ် NLD လူငယ်တာဝန်ခံ တိုဘီနေစိုး (ခ) သီဟနေစိုး ဇီးဖြူသောင်ရဲစခန်းအား တိုက်ခိုက်အပြန် စစ်ကြောင်းနှင့်တိုးကာ တိုက်ပွဲငယ်ဆင်နွှဲစဥ် ကျခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၁၇ ရက် ၁ နာရီ ၃၀ အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့အနောက်ဘက် ၇ မိုင်ခန့် အကွာရှိ အစင်ကျေးရွာအုပ်စု၊ဇီးဖြူသောင်ကျေးရွာ နယ်မြေရဲစခန်းအား မွန်ပြည်နယ်အခြေပြုတော်လှန် ရေးအဖွဲ့စည်း (MSRO) က တိုက်ခိုက်ခြေမှုန်းခဲ့သည်။ တိုက်ခိုက်ရေး ဖြစ်စဉ် အပြီး ပြန်လည်ဆုတ်ခွါစဉ် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့မှ စစ်ကြောင်းနှင့် ရန်သူ့တပ်ဖွဲ့များသည် ရေးမြို့ အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ဒူးယားကျေးရွာအုပ်စု၊ ပလိုင်ကီးကျေးရွာအနီး အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခွဲတွင် တိုက်ပွဲငယ်တစ်ခုဆက်လက်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲငယ်တွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံရဲဘော် ကိုသီဟနေစိုး (ခ) တိုဘီ (ခ) ကိုအဂ္ဂ ကျခဲ့သည်ဟု MSRO က အတည်ပြုခဲ့သည်။

MSRO အဖွဲ့သည် ရေးမြို့နယ်အခြေပြုသည့် ရေးဘီးလူးအဖွဲ့နှင့်လည်း စစ်ရေးပူးပေါင်းဆောင်ရွက်သည့်အဖွဲ့အစည်းဖြစ်ပြီး တိုဘီနေစိုးကျသည့်အပေါ် ရေးဘီလူးက ”အတူတောခိုတယ်။ အတူနေထိုင်ဖို့အဆောက်အအုံတွေဆောက်တယ်။ အတူသင်တန်းတက်တယ်။ အတူစုဖွဲ့မူတွေတည်ဆောက်ကြတယ်။ အမှားအမှန် အတူလမ်းပြပေးခဲ့ကြတယ်။ အတူမဟာမိတ်ဖွဲ့ ခဲ့ကြတယ်။ ဒီနိုင်ငံ တော်ကြီးအတွက်အတူချွေးတွေထွက်ခဲ့ကြတယ်။ ခုတော့ညီကအရင်ထွက်သွားလိုက်တာ စောလွန်းတယ်။ စိတ်ချ ငါ့ညီ။ ညီမြင်ချင်တဲ့ ဒီမိုကရေစီလမ်းစဥ်ကိုရအောင်ယူပေးမယ် ကတိပေးတယ်” ဟု မှတ်ချက်ပြုခဲ့ပြီး အောက်တိုဘာ ၁၇ ရက် ဇီးဖြူသောင်ရဲစခန်းအား တိုက်ခိုက်အပြန် ဇီးဖြူသောင်ရဲစခန်းမှ လိုက်လံတိုက်ခိုက်မှုနှင့် စစ်ကြောင်းဖြင့်တိုးမှုကြောင့် ပိတ်မိနေသည်ဟု တိုဘီနေစိုးက ညနေ ၃ နာရီ ၄၀ မိနစ်တွင် ပြောခဲ့ကြောင်းဖော်ပြပြီး တစ်နာရီမပြည့်ခင် တိုဘီနေစိုး ကျခဲ့ခြင်းဖြစ်သည်။

တိုဘီနေစိုး၏ MSRO အဖွဲ့က နောက်ဆုံးသတ်ဖြတ်ခဲ့သူမှာ မွန်ပြည်နယ် ရေးခရိုင် ရေးမြို့နယ် သီရိဇေယျာ အုပ်ချုပ်ရေးမှုး ဦးမင်းသိန်းဦးဖြစ်ပြီး အောက်တိုဘာ ၅ ရက်က ချောင်းမြောင်းလုပ်ကြံခဲ့ခြင်းဖြစ်ကာ ထိုသို့သတ်ဖြတ်နိုင်မှုအပေါ် တိုဘီနေစိုးက ”အပြုံးပန်းမပွင့်နိုင် သေသွားရှာတဲ့ အုပ်ကြီး”ဟုဆိုကာ ဦးမင်းသိန်းဦးပြုံးနေပုံနှင့် ယင်းအကောင့်တွင် မျှဝေခဲ့သည်။

ဦးမင်းသိန်းဦးအား လုပ်ကြံအပြီး နှစ်ပတ်အတွင်း တိုဘီနေစိုးကိုယ်တိုင် စစ်ကြောင်းဖြင့်တိုးကာ ပစ်ခတ် ချေမှုန်းခံရပြီးနောက် အဆိုပါတိုက်ပွဲတွင် MSRO အဖွဲ့ဝင်များလည်း ထိခိုက်ဒဏ်ရာရမှုများကာ လက်နက်များလည်း သိမ်းဆည်းရမိပြီး ​မွန်ပြည်သူ့စစ်အဖွဲ့မှလည်း ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး လက်မောင်းဒဏ်ရာရကာ တပ်သားတစ်ဦးလည်း ခြေသလုံးထိမှန်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *