၁. ၆. ၂၀၂၃
Written by Peya
သာကေတမြို့နယ်တွင် ကားငှားစီးလာသူ သုံးဦးက အငှားကားမောင်းသူကို ဓားထောက်ကာ ကားနှင့် ငွေကို လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ပျောက်ဆုံး တက္ကစီ ယာဉ်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာပန်းခြံအကျော်တွင် မေလ ၃၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
“လူကတော့ အသက်အန္တရာယ်မရှိပါဘူးရှင့်။ ကားရယ် ပိုက်ဆံရယ် နောက်ပြီးတော့ ဆေးတွေ ဖုန်းတွေ ပါသွားတာပေါ့။ မနေ့ညက ၉ နာရီလောက်က ဖြစ်တာပါ။ ရှုခင်းသာ လမ်းမပေါ် မှာ ဖြစ်တာပါ။ စည်ပင်သာယာရုံးနားမှာတော့ လူကို ထားခဲ့တယ်လို့ ပြောပါတယ်။ ပြီးတော့ ကားကို ယူသွားတာပါ” ဟု ၎င်းက ရှင်းပြသည်။
ကျူးလွန်သူမှာ အမျိုးသား သုံးယောက် ဖြစ်ကာ လက်ရှိ အချိန်အထိ ပျောက်ဆုံးကားကို ပြန်ရှာတွေ့ခြင်း မရှိသေးဘဲ လူမှုကွန်ရက် Group တစ်ခုဖြစ်သည့် သာကေတ ဒေါပုံ လူမှုကွန်ယက် အမည်ရှိ ဖေ့စ်ဘွတ်ခ် Group တွင် ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက ပျောက်ဆုံးတက္ကစီယာဉ်နှင့် နံပတ်တူ ကားတစ်စီးကို ၎င်းတို့ လမ်းထဲတွင်တွေ့ပြီး ကားတွင်ပါသည့် ဖုန်းကလည်း စက်ပိတ်ထားကာ နောက်ကားမှန်တစ်ချပ်လည်း ပွင့်နေသည့်အကြောင်းကို ရေးသားထားသည့်အပေါ် ကားကို လိုက်ရှာနေသော်လည်း မတွေ့ရသေးကြောင်း သိရသည်။
“တင်ထားတာ တွေ့တယ်။ ဒါပေမယ့် Location က ရှုခင်းသာ လမ်းမပေါ် ဆိုတော့ လမ်းမပေါ်မှာရှာတာ မတွေ့သေးဘူး။ လောလောဆယ်တော့ ရှာနေပါတယ်” ဟု ၎င်းက ဆိုသည်။
ကျူးလွန်သူ သုံးယောက်သည် ဒေါပုံမြို့နယ် သင်္ဘောကျင်းမှတ်တိုင်အနီးသို့ သွားလိုသည်ဟု ဆိုကာ ငှားလာခြင်းဖြစ်ပြီး လုယက်သူ သုံးယောက်အနက် တစ်ဦး၏ပုံစံမှာ အရပ်မြင့်မြင့်ဖြစ်ပြီး ကျန်တစ်ဦးမှာ ကုလားဆင် ကိုယ်ခန္ဓာ ပြည့်ပြည့်ဝဝ ပုံစံရှိကြောင်းလည်း ၎င်းက ဆိုသည်။
“သူကလည်း လန့်နေတာရယ် ညမိုးချုပ်ဆိုတော့ သိပ်ပြီး မကြည့်လိုက်ရဘူးပေါ့” ဟု ၎င်းက ဆိုသည်။