၁. ၆ .၂၀၂၃
Written by Hey Mar
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှောင်လမ်းမကြီး၊ မိုင်တိုင်(၁၁/၁)တွင် ယာဉ်တိုက်မှု ဖြစ်ပွားသဖြင့် အမျိုးသား ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် လက်ဖက်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူထံက သိရသည်။
ဖြစ်စဥ်မှာ ၂၂ ဘီးယာဥ်တွဲကားမှ ယာဥ်မောင်းနေစဥ် စက်ရပ်သွားသဖြင့် ကားထိန်းရင်းဆင်းရာမှ ဘရိတ်မမိတော့သည့်အတွက် တစ်ဖက်ယာဥ်ကြောမှ တက်လာသည့် လိုက်ခ်ထရပ် ယာဥ်ငယ်ကို တိုက်မိခြင်းဖြစ်ကြောင်းသိရသည်။ ယာဥ်တိုက်မှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လားရှိုးလူငယ် ပရဟိတ အသင်းနှင့် ရခိုင်ပြည်နယ် မိုခါ မုန်တိုင်းသင့်ဒေသသို့ သွားရောက်ကူညီပေးမည့် မြောက်ပိုင်းအင်အားပရဟိတအဖွဲ့များက ပူးပေါင်းကာ ကားအတွင်းညပ်နေသည့် လူနာများအား ခက်ခက်ခဲခဲ အထိအခိုက်အနည်းဆုံးဖြစ်အောင် ကူညီသယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ (၁၂၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာဝန်မှူးဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၄)ဦးအား လားရှိုးလူငယ်များလူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်းတို့၏ လူနာတင်ယာဉ်များဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ သယ်ဆောင်၍ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား ခွဲစိတ်ကုသဆောင်သို့လည်းကောင်း၊ ကျန်အမျိုးသားနှစ်ဦးအား အရိုးကုသဆောင်သို့လည်းကောင်း အသီးသီး ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။