October 30, 2024

MT News

Written by Tha Doe

မော်လမြိုင်တွင် ပင်လယ်ဆိပ်ကမ်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်​ဆောက်ရန်စီစဥ်နေသည်ဟု SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့သည့် အောက်တိုဘာ ၁၈ ရက် ဆွေးနွေးပွဲတွင် ပြောကြားသည်။

မော်လမြိုင်တွင် ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိကြောင်း၊ မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ အကောင်အထည်ဖော်ရခြင်းမှာ နောင်တစ်ချိန်တွင် မော်လမြိုင်ဒေသသို့ ခရီးသွားများဝင်ရောက်မှု ပိုမိုအားကောင်းလာစေရန်နှင့် လေကြောင်းမှကုန်စည်စီးဆင်းမှုများကို မြှင့်တင်ဆောင်ရွက် နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

SAC ဥက္ကဋ္ဌနှင့် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များတွေ့ဆုံရာတွင် လုပ်ငန်းရှင်များကရော်ဘာလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးစေလိုမှု၊ ဆားလုပ်ငန်း ဆောင်ရွက်ရာတွင် စက်မောင်းဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ပြည်နယ်မှထွက်ရှိသည့်ဆားကို ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ပြည်တွင်း၌ အဆင့်မြင့်ဆားများထုတ်လုပ်နိုင်ရေး နိုင်ငံတော်မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ရေလုံလောက်စွာရရှိရေး မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးစေလိုမှု၊ ရော်ဘာထွက်ဒေသများနှင့် မွန်ပြည်နယ်မှထွက်ရှိသည့် ရော်ဘာထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နေမှု၊ ငါးမွေးမြူရေးလုပ်ငန်းများအတွက် အရင်းမပျောက် မတည်ချေးငွေများလိုအပ်လျက်ရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိရန်လိုအပ်မှု၊ မော်လမြိုင်စက်မှုဇုန်ရှိ လုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိလိုမှု၊ သံရည်ကျိုလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ဈေးနှုန်းသက်သာစွာဖြင့်ရရှိလိုမှု၊ ယက်ကန်းလုပ်ငန်းများအတွက် မတည်ချေးငွေများလိုအပ်လျက်ရှိမှု၊ သတ္တုထုတ်လုပ်မှုလုပ်ငန်း များအတွက် ကုန်ကြမ်းသတ္တုများ လိုအပ်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြတောင်းဆိုခဲ့ကြကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *