MT News
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ဗိုလ်မင်းရောင်လမ်း တော်ဝင်ပလာဇာအနီးတွင် Taxi ယာဥ်မောင်းအား ဓားထောက်ကာလုယက်မှု မေလ ၃၁ ရက် နေ့လည် ၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မင်္ဂလာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းမှ သိရသည်။
ဖြစ်စဥ်မှာ ရန်ကုန်ဘူတာကြီးမှ သာကေတ၊ ဒေါပုံသို့ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးမှ တစ်ဦးတည်းကားငှားစီးလာကြောင်း ၊ ထို့နောက် တောင်ညွန့်ရဲစခန်းအကျော်အရောက်တွင် ကားငှားစီးလာသူ လူငယ်မှ တက္ကစီယာဥ်မောင်းအား ဓားဖြင့်ထောက်ကာ လုယက်သဖြင့် ယာဥ်မောင်းမှ ပြန်လည်ခုခံသောကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်းသိရသည်။
“အနောက်မှာထိုင်တဲ့ ကားငှားစီးတဲ့ လူငယ်က ယာဥ်မောင်းကို ဓားနဲ့ထောက်ပြီး ပိုက်ဆံနဲ့ ဖုန်းပေးဖို့ တောင်းတယ်။ ယာဥ်မောင်းကလည်း ပေးပါ့မယ်။ အသက်အန္တရာယ်မပြုပါနဲ့ တောင်းပန်ပြီး ပေးတယ်။ အဲဒီ လုယက်သူလူငယ် ပိုက်ဆံဘက်ကို အာရုံရောက်နေတုန်း ယာဥ်မောင်းက ဓားကို ပြန်လုပြီး ခုခံလို့ လုတဲ့သူက ဆင်းပြေးသွားပြီး ဓားကျန်ခဲ့တယ်။ ယာဥ်မောင်းလည်း ဘယ်ဘက်ပခုံးဆစ် ပြုတ်သွားတယ်” ဟု ဖြစ်စဥ်ကို သွားရောက်ကူညီခဲ့သူ မင်္ဂလာတောင်ညွန့်လူငယ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
ထိုဖြစ်စဥ်တွင် Happy Taxi Family အဖွဲ့မှ လူနာအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်၍ မဂ်လာတောင်ညွန့်လူငယ် လူမှုကူညီရေးအသင်းမှ Taxi ကားအား မင်္ဂလာတောင်ညွန့်ရဲစခန်းအရှေ့သို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။