၁. ၆. ၂၀၂၃
Written by Nyein Kyaw
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ယခင်နှစ်များက ကျောင်းအပ်နှံခြင်းမရှိသည့် ကျောင်းသားဟောင်းများ ပြန်လည်အပ်နှံလာသောကြောင့် အတန်းတူသော်လည်း အသက်အရွယ်ကွာဟမှုများရှိနေသဖြင့် မိမိကလေးများ ကျောင်းခန်းအတွင်း ရှေ့ဆုံးတန်းနေရာများ ရရှိစေရန်အတွက် ကျောင်းတက်ချိန်ထက် (၂) နာရီခန့် ကျောင်းပို့မှုများလည်းရှိခဲ့သည်။
ကျောင်းသူတစ်ဦးအား ၎င်း၏မိဘများက “သမီးလေး အခန်းထဲရောက်ရင် အရှေ့ဆုံးထိုင်ခုံမှာထိုင်နော်။ တစ်ခုခုဖြစ်ရင် ဆရာမကိုပြော။ မေမေတို့လည်း ကျောင်းတက်တဲ့အချိန်အထိ အပြင်ကစောင့်နေမယ်” ဟု မှာနေသည်ကိုလည်း MT News က တွေ့မြင်ရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်မှ ၃၁ ရက်အထိ သတ်မှတ်ထားခဲ့ခြင်းဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများများကို ကျောင်းဖွင့်သည့်တိုင်အောင် ဆက်လက်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မေလ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆,၄၇၃,၃၅၀ ( ၆ သန်းခွဲခန့်) ရှိပြီး ယခင်နှစ်ထက် ၈၆၀,၀၀၀ ကျော်ပိုမိုအပ်နှံခဲ့ခြင်းဖြစ်သည်။