October 30, 2024

ပြည်မြို့နယ်အတွင်းရှိ စိုက်ခင်းတစ်ခုကို တွေ့ရစဥ်

၁၈. ၁၀. ၂၀၂၂

Written by Thettant

ဆောင်းရာသီအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အောက်တိုဘာ ၆ ရက်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ် (၄) ခုတွင် စတင်ထုတ်ချေးပေးလျက်ရှိပြီး ချင်းပြည်နယ်မှအပ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်းချေးငွေ ကျပ် ၁၀၆ ဒသမ ၅ ဘီလျံကျော် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ထိုသို့ ထုတ်ချေးပေးရာတွင် ဆန်စပါးစိုက်တစ်ဧကအတွက် ကျပ် ၁၅၀၀၀၀ နှင့် အခြားသီးနှံများအတွက် တစ်ဧက ကျပ် ၁ သိန်း ထုတ်ချေးပေးနေခြင်းဖြစ်ပြီး အောက်တိုဘာမှ ဒီဇင်ဘာအထိ သုံးလတာကာလအတွင်း ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် ယခင်စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်ဆပ်နိုင်မှုမှာ ယခုနှစ်တွင် မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။

“နေပြည်တော်၊ ရန်ကုန်၊ ရှမ်းနဲ့ ဧရာဝတီမှာ စတင်ထုတ်ချေးပေးနေတာ ကျပ် သန်း ၇၀၀ ကျော် ထုတ်ချေးပေးပြီးပါပြီ။ လျာထားချက်ကတော့ ၁၀၆ ဒသမ ၅၀ ဘီလျံပေါ့။ ချင်းပြည်နယ်မပါဝင်ဘဲ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ထုတ်ချေးပေးမှာပါ” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

၂၀၂၂ ခုနှစ် မိုးကြိုသီးနှံချေးငွေများကိုလည်း ထုတ်ချေးထားပြီး စုစုပေါင်း ကျပ် ၄၆၈ ဘီလျံထုတ်ချေးပေးခဲ့ကာ လာမည့်နှစ် မိုးကြိုသီးနှံချေးငွေကိုလည်း ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ထုတ်ချေးပေးမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *