October 30, 2024

၁၈. ၁၀. ၂၀၂၂

Written by Tha Doe

မြန်မာ့နိုင်ငံရေးသမိုင်းတွင် ကိုယ်ကျိုးရှာနိုင်ငံရေးသမား (Politician) များသာ ပေါ်ထွန်းခဲ့သော်လည်း NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် ကျဥ်းမြောင်းသည့်နိုင်ငံရေးအမြင်ဖြင့် ငါတကောကောနေသည်ထက် တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman)
အဖြစ် ရန်တည်ရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက အောက်တိုဘာ ၁၈ ရက်တွင် ပြောသည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ မူနဲ့ လူ တခြားစီ ကင်းလွတ်နေတာမျိုး မဖြစ်အောင် သတိပြုကြဖို့ ကျွန်တော့်အနေနဲ့ အနူးညွှတ် မေတ္တာရပ်ခံပါတယ်။ ဒါ့အပြင် လူထုတော်လှန်ရေးကို လူထုတော်လှန်ရေးနဲ့ ထိုက်တန်တဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ ဖြစ်ဖို့လိုကြောင်း တိုက်တွန်းချင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်ဆက်ဆံရေးကို တည်ဆောက်တဲ့အခါမှာလည်း ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နဲ့ ငါတကောကော လုပ်ဆောင်တာမျိုးတွေကို ရှောင်ရှားဖို့၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် နှစ်ပေါင်း (၁၀၀) (၂၀၀) လောက်အထိ ကျော်ကြည့်နိုင်တဲ့ တိုင်းပြုပြည်ပြုသမားတွေအဖြစ် ရပ်တည်ပြီး နိုင်ငံရေးဝီရိယ စိုက်ထုတ်ကြပါ” ဟု ဒူဝါလရှီးလက ပြောသည်။

စင်ကာပူဝန်ကြီးချုပ် လီကွမ်ယုကဲ့သို့ နိုင်ငံတစ်နိုင်ငံအား ကိုယ်ကျိုးမရှာဘဲ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်နိုင်သူများကိုသာ တိုင်းပြုပြည်ပြုပုဂ္ဂိုလ် (Statesman) အဖြစ် သတ်မှတ်ကြပြီး မြန်မာ့နိုင်ငံရေးသမားများတွင်မူ ထိုသို့ ကမ္ဘာကအသိအမှတ်ပြုခံရသည့် Statesman များ ပေါ်ထွန်းခဲ့ဖူးခြင်းမရှိချေ။ ထို့ပြင် NUG အစိုးရအဖွဲ့သည်လည်း NUG အား ထောက်ခံမှုမပြုသည့် နိုင်ငံ့ဝန်ထမ်းများအား တော်လှန်ရေးဆင်နွှဲသည်ဟုဆိုကာ အလုပ်ထုတ်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည့်အပြင် သံဃာနှင့် သီလရှင်များ လခရအဖွဲ့ဝင်များ ထွေအုပ်၊ ရပ်ကျေးအဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို သတ်ဖြတ်ခြင်း ပြုလုပ်ကြ၍ ပြည်သူ ၄၀၀၀ ကျော် သတ်ဖြတ်ခံထားရသည်။ ထို့ပြင် ဒေါက်တာဇော်ဝေစိုးကဲ့သို့ ဝန်ကြီးတာဝန်ယူထားသူကိုယ်တိုင် စာသင်ကျောင်းများ ဗုံးခွဲရန်နှင့် အဆိပ်ခတ်ရန် ပြောဆိုသည့် ရုပ်သံ ၂၀၂၁ ခုနှစ် ဇွန်လဆန်းက ပေါ်ထွက်ခဲ့သလို ဒေါက်တာဇော်ဝေစိုးကိုယ်တိုင်လည်း ထိုသို့ပြောခဲ့ကြောင်း ဝန်ခံထားသည်။

လူနှင့် မူအကြောင်း ဒူဝါလရှီးလက ပြောကြားရာတွင် NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် Statesman ဖြစ်ရေးသာမက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မူဖြစ်ပြီး လက်ရှိ ဖြတ်သန်းနေသည့် နိုင်ငံရေး အခင်းအကျင်းနှင့် လည်း လိုက်ဖက်သင့်တော်ကာ လက်‌တွေ့အသုံးပြုဖို့ ဖြစ်နိုင်ချေရှိသည့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရေးလုပ်ဆောင်ရမည်ဟုလည်း ပြောသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ အတိတ်သမိုင်းကို လေ့လာကြည့်ရင် မူ နဲ့ လူဟာ တခြားစီ ဖြစ်နေတာတွေကို ခပ်များများ တွေ့ခဲ့ရပါတယ်။ ဒါတွေကို သတိထားပြီး ကျွန်တော်တို့ ကိုယ်တိုင်လည်း မူက တခြား၊ လူက တခြား မဖြစ်စေဖို့ အထူး သတိပြုရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာဟာ မူတစ်ခုဖြစ်တယ်၊ ပဋိညာဉ်တစ်ခုဖြစ်ပါတယ်။ အခြေခံဥပဒေထဲမှာ တာဝန်ခွဲဝေမှုတွေ ပါဝင်တယ်၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ပါဝင်တယ်၊ လွတ်လပ်မှုနဲ့ အခွင့်အရေး ဆိုတာတွေကို တိတိကျကျ ပြဋ္ဌာန်းသတ်မှတ်ထားတာတွေ ပါဝင်ပါလိမ့်မယ်။ ဒါ့ကြောင့် ပြဋ္ဌာန်းချက်တွေဟာ အကောင်းမွန်ဆုံးတွေလည်း ဖြစ်သင့်သလို လက်တွေ့ကျကျ ဖြစ်နိုင်တာတွေလည်း ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ဖြတ်သန်းနေတဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့လည်း လိုက်ဖက်သင့်တော်ပြီး လက်‌တွေ့အသုံးပြုဖို့ ဖြစ်နိုင်ချေရှိတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သင့်တယ်လို့ ယူဆပါတယ်” ဟု ဒူဝါလရှီးလက ဆက်လက် ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *