October 30, 2024

၁၈.၁၀.၂၀၂၂

Written by Hey Mar

ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပနေသည့် SIAL Paris Inspire Food Business ပွဲတွင် မြန်မာနိုင်ငံမှ သစ်သီးဝလံပန်းမန်စိုက်ပျိုးရောင်းချသူများအသင်းမှ အသီးအနှံ ၆ မျိုး ဝင်ရောက်ပြသ ရောင်းချနေကြောင်း အသင်းတာဝန်ရှိသူက MT News သို့ ပြောသည်။

ပြသသည့် အသီးအနှံများမှာ ထောပတ်သီး၊ သရက်သီး၊ ဝဥ၊ မက္ကဒေးမီးယား၊ နာနတ်သီးနှင့် ကယန်းငရုပ်သီး တို့ဖြစ်ကြပြီး မက္ကဒေးမီးယားကို ပြပွဲတွင် ပိုမိုစိတ်ဝင်စားမှုရှိနေသည်ဟု အသင်းတာဝန်ရှိသူက ဆိုသည်။

“အသီးအနှံ ၆ မျိုးမှာ သူတို့ စိတ်ဝင်စားတာ မက္ကဒေးမီးယားပေါ့။ စျေးကွက်ကတော့စဖောက်နေပြီ။ ဒါပေမယ့် တရားမဝင် လမ်းကြောင်းတော့ ဖြစ်နေသေးတယ်။ ကျွန်တော်တို့ အဓိက တင်ပို့ချင်တာ အိမ်နီးချင်း တရုတ်နိုင်ငံပေမယ့်၊ သူတို့မှာ စျေးကွက်လိုအပ်ချက် မရှိသေးတော့ မရသေးဘူး။ အဲ့ဒီတော့ တရားမဝင်လမ်းကြောင်းကဘဲ ထိုင်းကို သွားတယ်။ အဲဒီကနေ ကမ္ဘောဒီးယားပေါ့” ဟု ဆိုသည်။

လွန်ခဲ့သည့် ၃ နှစ်ခန့်မှစ၍ မက္ကဒေးမီးယားကို ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာသဖြင့် ယခုအခါ အစေ့အဆန်ကို စျေးကွက်တင်ရောင်းချနိုင်ပြီ ဖြစ်သည်။ သို့သော် စျေးကွက်ဝေစု ရရှိမှုမှာ ဝင်ရောက် ယှဥ်ပြိုင်နေရဆဲ အခြေအနေတွင်သာ ရှိနေသေးသည်ဟု သိရသည်။

မက္ကဒေးမီးယားတွင် Omega- 3 ပါဝင်သဖြင့် ကျန်းမာရေး ဓာတ်စာအဖြစ် အဓိက ရောင်းချ စားသောက်ကြသည်။ နေ့စဥ် အသီး ၈ လုံးခန့် စားသုံးရုံဖြင့် အသားအရေကို နုပျိုစေသည့် အာနိသင်ရှိသည်ဟု ဆိုသည်။ ထိုကြောင့် Online စျေးကွက်တွင် အမျိုးသမီးများအကြား ရေပန်းစားလူကြိုက်များသည်ဟု သိရသည်။

စျေးနှုန်းများမှာ အခွံချွတ် လှော်ပြီးသား 250 g ကို ၁၅၀၀၀ ကျပ်ဝန်းကျင်တွင် ရောင်းချနေပြီး၊ အခွံမခွာရသေးသည့် အစိမ်းဆိုလျှင် 1kg ကို ကျပ် ၄၀၀၀ ဝန်းကျင် ရောင်းချသည် ။ မက္ကတေးမီးယားဆီ ၁ ပိသာလျှင် စျေးကွက်၌ ကျပ် ၂ သိန်းဝန်းကျင် ရှိနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *