၃၀. ၅. ၂၀၂၃
Written by Thettant
လျှပ်စစ်ရထား ပြေးဆွဲရေးနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး လျှပ်စစ်ရထားစက်ခေါင်းတွဲများကိုလည်း စမ်းသပ်ဆောက်လုပ်စေလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပင်းပက်-နောင်ကား-တောင်ကြီး-ရွှေညောင်-သာစည်-မြင်းခြံ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးစဥ် ပြောကြားသည်။
ထို့ပြင် လျှပ်စစ်ရထား စက်ခေါင်းများနှင့် ရထားတွဲများကို ပြည်တွင်းမှ ထုတ်လုပ်၍ရရှိသည့် စက်ပစ္စည်းများကို ပေါင်းစပ်၍ ပြည်တွင်း၌ထုတ်လုပ်နိုင်ရန်လိုအပ်သလို မီးရထားလမ်းများအဆင့်မြှင့်တင်ရေးအတွက် မီးရထားအင်ဂျင်နီယာများအနေဖြင့် ဝိုင်းဝန်းဆွေးနွေးကြိုပမ်းဆောင်ရွက်ကြစေလိုကြောင်းလည်း SAC ဥက္ကဋ္ဌက မှာကြားသည်။
ယင်းအပြင် ရထားလမ်းများတွင် ခင်းကျင်းသည့် ကျောက်များသတ်မှတ်ဆိုဒ်များ ရှိရန်လိုကြောင်း၊ မြန်မာနိုင်ငံရှိ ရထားလမ်းများအားလုံး ကီလိုမီတာ ၁၀၀ အမြန်နှုန်း အထိမောင်းနှင်နိုင်ရန် မူလရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်သွားရမည်ဖြစ်ပြီး နောင်တွင် အဆိုပါအမြန်နှုန်းထက် ပိုမိုပြေးဆွဲနိုင်ရေး ဆောင်ရွက်သွားရန်အတွက် အင်ဂျင်နီယာရှုထောင့်မှ သုံးသပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ရထားအသုံးပြု၍ပြေးဆွဲခြင်းသည် Public Transportation ဖြစ်သဖြင့် စက်သုံးဆီသုံးစွဲမှုကို သက်သာစေပြီး အများပြည်သူ သွားလာမှု၊ ကုန်ပစ္စည်းများတင်ပို့မှုအတွက် များစွာအထောက်အကူပြုသဖြင့် နိုင်ငံတော် အတွက် အကျိုးဖြစ်ထွန်းစေမည့် သယ်ယူပို့ဆောင်ရေးစနစ်ပင်ဖြစ်ကြောင်း၊ မြန်မာ့မီးရထားသည် အရှေ့တောင်အာရှတွင် ပထမဆုံး ဖောက်လုပ်ပြေးဆွဲခဲ့သည့် မီးရထားလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်နှင့်လျော်ညီသည့် အဆင့်မြှင့်တင်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ ရထားများယခုထက် အမြန်နှုန်းတိုးမြှင့်ပြေးဆွဲနိုင်ရန်လိုကြောင်း၊ လူစီးရထားများကို RBE တွဲများဖြင့်ပြေးဆွဲနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းများအား မြန်နှုန်းမြှင့်၍ ပြေးဆွဲနိုင်ရန်နှင့် အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်ဟု သိရသည်။