၃၀. ၅. ၂၀၂၃
Written by Min Mahar
သပိတ်ကျင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၊ ကြာညှပ်ကျေးရွာအုပ်စု၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ၏ သားမက်ဖြစ်သူသည် ပြောင်းကြဲရန်သွားရောက်စဉ် PDF အဖွဲ့ဝင် ၆ ဦးကရောက်လာပြီး”စစ်တပ်အားပေးချင်ဦး”ဟုဆို၍ သေနတ်ဖြင့် ၄ ချက်ပစ်သတ်သွားမှု ယမန်နေ့မွန်းလွဲပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ မေလ ၂၉ ရက် မွန်းလွဲ ၂ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ ကိုးပင်ကျေးရွာတွင်နေထိုင်သည့် အသက် ၂၂ နှစ်ခန့်ရှိသည့် ပြည်ခိုင်ဖြိုးပါတီ၊ ကြာညှပ်ကျေးရွာအုပ်စု၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ၏ သားမက်(ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ)ဖြစ်သူသည် ၎င်းတို့ပိုင်သောလယ်တောသို့ နွားစာပြောင်းကြဲရန် သွားရောက်စဥ် PDF အဖွဲ့ဝင် ၆ ဦးက ရောက်လာပြီး”စစ်တပ်အားပေးချင်ဦး” ဟုဆိုကာ သေနတ်ဖြင့် ၄ ချက် ပစ်သတ်သွားပြီး ထွက်ပြေးသွားကြောင်း မျက်မြင်မြင်တွေ့ခဲ့သော အမည်မဖော်လိုသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခဲ့မှုကြောင့် ၎င်းအမျိုးသားသည် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာဘက်လက်မောင်းကိုကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်နှင့်ဆီးခုံကိုလည်း ကျည်ဖောက်ဝင်သွားသည့်ဒဏ်ရာ ၁ ချက်တို့အသီးသီးရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
“သေဆုံးသူက ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတစ်ယောက်လည်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၊ ကြာညှပ်ကျေးရွာအုပ်စု၊ရပ်/ ကျေးပါတီဥက္ကဋ္ဌသားမက်ဖြစ်လို့ အခုလိုသတ်သွားတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက MT News သို့ ပြောပြသည်။