MT News
နိုင်ငံခြားငွေလိုအပ်မှုသည် သွင်းကုန်ပမာဏများပြားနေခြင်းလည်းပါဝင်ပြီး သွင်းကုန်ပမာဏများပြားခြင်းသည် လိုအပ်ချက်အရ သွင်းရသည်များရှိသကဲ့သို့ ပြည်တွင်း၌ ထုတ်လုပ်နိုင်သော်လည်း တင်သွင်းနေရမှုများမှာ မဖြစ်သင့်ကြောင်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂၇ ရက်တွင် ကျင်းပသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃) အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ပြည်တွင်း၌ ထုတ်လုပ်နိုင်သော်လည်း တင်သွင်းနေသည်များတွင် အထူးသဖြင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သလို ပြည်ပသို့ တင်ပို့နိုင်သည့် ရောင်းတန်းဝင်ပစ္စည်းများရှိသော်လည်း ကုန်ထုတ်လုပ်မှုအားနည်းချက်ကြောင့် ပို့ကုန်ပမာဏနည်းပါးမှုများသည်လည်း မဖြစ်သင့်ကြောင်း ပြောကြားသည်။
MSME ကို အားပေးရခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊ တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေးကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်ဖြစ်သောကြောင့် သေချာသည့်ကုန်ကြမ်းများကို အသုံးပြုသည့် MSME လုပ်ငန်းများကို အဓိကအားပေးဆောင်ရွက်သင့်သည်ကို သုံးသပ်တွေ့ရှိရ ပြီး ဥပမာအားဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကိုအခြေခံသည့် ထုတ်လုပ်မှု၊ ပလောပီနံကိုအခြေခံသည့် ထုတ်လုပ်မှု၊ ရာဘာကိုအခြေခံသည့် ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီနှင့် လက်ဖက်ကိုအခြေခံသည့် ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ဝါးများကိုအခြေခံသည့် ထုတ်လုပ်မှု၊ မွေးမြူရေး အသား၊ ငါး ကို အခြေခံသည့် ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်းများသည် မိမိတို့နိုင်ငံအတွက်သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်သည်။ အလားတူပင် များစွာသောကုန်ထုတ်လုပ်မှုလုပ်ငန်း နယ်ပယ်များရှိသကဲ့သို့ ဒေသအလိုက်ထူးခြားသည့် လုပ်ငန်းများလည်းရှိနေမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ပေါ်စေခြေင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်လာပြီး တိုင်းပြည်၏ ဝင်ငွေတိုးတက်လာစေခြင်းများကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။
စားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ပါက တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေကိုလည်း လျော့ကျစေမည်ဖြစ်သည်။ ပြည်တွင်း၌ သုံးစွဲနေသည့် အိမ်နီးချင်းနိုင်ငံအချို့မှ လူသုံးကုန်ပစ္စည်းအချို့၏ MSME ထုတ်ကုန်များမှာ နည်းပညာမြင့်မားလှခြင်းမရှိဘဲ မိမိတို့ပြည်တွင်း၌ ထုတ်လုပ်၍ရနိုင်သည့် ကုန်ပစ္စည်းများဖြစ်နေသည်ကို တွေ့ရှိရကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၌ အားသာချက်များရှိသကဲ့သို့ ၎င်းတို့ဖြစ်တည်ရှင်သန်ရေးအတွက်လည်း လိုအပ်ချက်နှင့် အားနည်း ချက်များစွာရှိနေသည်ကို တွေ့ရှိရပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများလိုအပ်ခြင်း၊ ခေတ်မီလုံလောက်သည့် အခြေခံအဆောက်အဦများလိုအပ်ခြင်း၊ စွန့်ဦးတီထွင်လိုသူများ မဝံ့မရဲဖြစ်ခြင်း၊ ငွေကြေးအရင်းအနှီးစရိတ်ကြီးမြင့်ခြင်းနှင့် မလုံလောက်ခြင်း၊ ရိုးရာနည်း(Traditional Technology) များကိုသာ အသုံးပြုနေရခြင်း၊ သုတေသနဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အထောက်အပံ့ ရရှိမှုအားနည်းနေခြင်း၊ သုတေသနပြုပြီးနောက် ရရှိသည့်ရလဒ်များကိုလည်း ရောင်းတန်းဝင်အဆင့်မြှင့် တင်နိုင်မှုမရှိသေးခြင်း အစရှိသည့်ကန့်သတ်ချက်များ၊ အဟန့်အတားများရှိနေသည်ကိုလည်း တွေ့ရသည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး အဓိကထားဆောင်ရွက်ရမည့် အချက်(၄)ချက်ဖြစ်သည့် လုပ်ငန်းသစ်များအစပျိုးရာတွင် တွေ့ကြုံရမည့်အခက်အခဲ အတားအဆီးများလျှော့ချရေး၊ ရင်းနှီးမတည်ငွေစီးဆင်းမှု၊ လွယ်ကူချောမွေ့စေရေး၊ အသိပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းအချက်အလက်ဖြန့်ဝေမှု အားကောင်းစေခြင်းဖြင့် နိုင်ငံတကာထောက်ပံ့မှုကွင်းဆက် (International Supply Chain)ထဲသို့ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။