၂၉. ၅. ၂၀၂၃
Written by Nay Aung
မိုခါ မုန်တိုင်းဒဏ်တွေ့ကြုံခံစားရသော ပြည်သူများအတွက် စုစည်းညီညွတ်ရန် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရ်ှ့နိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားရသူများကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်အတွက် ခွင့်ပြုပေးစေလိုကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောသည်။ ပုပ်ရဟန်းမင်းကြီးသည် မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သော Regina Coeli ဆုတောင်းပွဲအတွင်း ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ” မိုခါမုန်တိုင်းဒဏ်တွေ့ကြုံခံစားခဲ့ရတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်ဒေသမှာ နေထိုင်သူများအတွက် ဆုတောင်းပေးပါတယ်။ မုန်တိုင်းဒဏ်ခံရသူတွေအတွက် ကိုယ်ချင်းစာပြီး ကူညီထောက်ပံ့ပေးနေချိန်မှာ တာဝန်ရှိသူများဟာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ လွယ်ကူအဆင်ပြေအောင်ကူညီပေးခွင့် ပေးစေလိုတယ်။ မုန်တိုင်းဒဏ်ခံရတဲ့ ညီအကိုမောင်နှမတွေကို ကူညီပေးနိုင်ဖို့ လူသားအားလုံးစည်းလုံးညီညွတ်မှုတွေ ရှိစေလိုတယ်” ဟု ပြောသည်။
မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသကို ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့ရာ လူပေါင်း ၅ ဒသမ ၄ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူပေါင်း ၃ ဒသမ ၂ သန်းကျော်က လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂ ၏ OCHA အဖွဲ့က ပြောသည်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများသည် မုတ်သုံမိုးမလာရောက်ခင် မုန်တိုင်းဒဏ်ခံရသူ ပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး လုပ်ငန်းများကို အချိန်နှင့် အပြိုင်လုပ်ဆောင်နေရကြောင်း သိရသည်။
မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် အနည်းဆုံး လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ပြီး စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့က မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရသောမြို့များဖြစ်ကြောင်း သိရသည်။
Ref——-vaticannews