◾️ချေးငွေပမာဏကန့်သတ်မှုကို နှစ်နှစ်ကာလဆိုင်းငံ့ပေး၍ ကာကွယ်ရေးနှင့်မသက်ဆိုင်သော အစိုးရအသုံးစရိတ်များ လျှော့ချပေးရဖွယ်ရှိ
၂၉. ၅. ၂၀၂၃
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အောက်လွှတ်တော်ဥက္ကဋ္ဌ မက္ကာသီတို့၏ ဆွေးနွေးပွဲမှ အမေရိကန်အစိုးရအတွက် အမြင့်ဆုံးရယူနိုင်သော ချေးငွေပမာဏကန့်သတ်မှုအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်သို့ ရွှေ့ဆိုင်းရန် မေလ ၂၈ ရက်တွင်အခြေခံအားဖြင့် သဘောတူခဲ့ကြကြောင်းနှင့် ၎င်းသဘောတူညီချက်အား မဲပေးအတည်ပြုရန် ကွန်ဂရက်သို့ပေးပို့ရေး အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အများဆုံးချေးယူနိုင်မှုမှာ ဒေါ်လာ ၃၁ ဒသမ ၄ ထရီသာဖြစ်သော်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင်ပင် အမေရိကန်၏ ချေးငွေမှာ ဒေါ်လာ ၃၁ ဒသမ ၅ ထရီလျံခန့် ဖြစ်နေသဖြင့် ထိုချေးယူနိုင်မှုပမာဏကို တိုးမြှင့်ပေးရန် ဆွေးနွေးခြင်းဖြစ်ပြီး ထိုဆွေးနွေးမှုတွင် ကနဦးအဖြစ် ချေးငွေပမာဏကန့်သတ်ချက်ကို နှစ်နှစ်ခန့် ဆိုင်းငံ့ရန် သဘောတူညီမှုရလာခဲ့ခြင်းလည်း ဖြစ်သည်။
ဘိုင်ဒန်က အမေရိကန်အစိုးရအတွက် အမြင့်ဆုံးရယူနိုင်သော ချေးငွေပမာဏကန့်သတ်မှု သဘောတူညီချက်အား ၎င်းနှင့် မက္ကာသီတို့အကြား မေလ ၂၈ ရက် ညနေပိုင်းတွင် အပြီးသတ်သဘောတူခဲ့ကြကြောင်း၊ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့သို့ ၎င်းအားအတည်ပြုနိုင်ရေး ပေးပို့နေပြီဖြစ်ရာ လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပေးကြရန် အလေးအနက်တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ မက္ကာသီကလည်း အိမ်ဖြူတော်နှင့် ရီပတ်ဘလစ်ကန်အမတ်များအကြား အမေရိကန်အစိုးရအတွက် အမြင့်ဆုံးရယူနိုင်သော ချေးငွေပမာဏအား မြှင့်တင်ရေးအတွက် သဘောတူညီချက်အား အခြေခံအားဖြင့်သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။
၎င်းက အမေရိကန်အစိုးရအတွက် သမိုင်းတွင်စေမည့် ကြွေးမြီများအား ပြန်လည်ပေးဆပ်ခြင်းမပြုနိုင်သည့်အန္တရာယ်ချောက်ကမ်းပါးသို့ ကျရောက်လုဆဲအခြေအနေထိ ရောက်ခဲ့ပြီးမှ နောက်သို့တစ်လှမ်းပြန်ဆုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
သဘောတူညီချက်တွင် မည်သည့်အချက်များပါဝင်သည်ကို အသေးစိတ်မသိရှိရသေးသော်လည်း အစိုးရအတွက် အမြင့်ဆုံးရယူနိုင်သော ချေးငွေပမာဏကန့်သတ်မှုကို နှစ်နှစ်ကာလဆိုင်းငံ့ပေးခြင်းနှင့်အတူ အပြန်အလှန်အားဖြင့် အမေရိကန်အစိုးရကာကွယ်ရေးနှင့်မသက်ဆိုင်သော အစိုးရအသုံးစရိတ်များကို လျှော့ချပေးရလိမ့်မည်ဟု ဆွေးနွေးပွဲနှင့်နီးစပ်သောသတင်းအရင်းအမြစ်တစ်ခုကဆိုသည်။
သို့သော် ၎င်းက နှစ်ဖက်အကြားနောက်ဆုံးသဘောတူညီချက်ရရှိခြင်းဟု မဆိုနိုင်သေးပေ။ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက် ပါတီနှစ်ခုစလုံးမှ ခေါင်းဆောင်များအနေဖြင့် သဘောတူညီချက်အား ထောက်ခံမှု ပြုကြရေးအတွက် ၎င်းတို့၏ ပါတီဝင်လွှတ်တော်အမတ်များအား သိမ်းသွင်းစည်းရုံးကြရအုံးမည် ဖြစ်သည်။ ပါတီနှစ်ခုစလုံးမှ လွှတ်တော်အမတ်များ၌ပင် သဘောတူညီချက်တွင်ပါဝင်သော ပြဌာန်းချက်များအား ထောက်ခံခြင်းမပြု ကန့်ကွက်နေသည်များရှိနေကြဆဲဟု သိရသည်။
ဘဏ္ဍာရေးဝန်ကြီးဂျာနက်ရယ်လင် က သဘောတူညီချက်အား ကွန်ဂရက်အနေဖြင့် ဇွန်လ ၅ ရက်နောက်ဆုံးထား၍ အတည်ပြုကာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း၊ သို့မဟုတ်ပါက အမေရိကန်အစိုးရအနေဖြင့် ၎င်းက ပေးဆပ်ရန်၊ အသုံးပြုရန်ရှိနေသော အသုံးစရိတ်များအတွက် လုံလောက်သောရံပုံငွေကို အချိန်မီမရရှိဖြစ်ရလိမ့်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
Ref—– CNN