၂၉. ၅. ၂၀၂၃
Written by Peya
နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ် ၁၂ ခုတွင် မိုးတိမ်တောင်ကြောင့် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းဖြစ်နိုင်ပြီး အပူချိန် မြင့်တက်လာသည့်အတွက် မိုးတိမ်တောင်ဖြစ်ပွားမှုနှင့် မိုးကြိုးပစ်မှု ပိုမိုများလာကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။
“မိုးတိမ်တောင်တွေ ဘာကြောင့် နောက်ပိုင်းမှာ ပိုပို ဖြစ်လာသလဲဆိုတော့ အဓိကတော့ အပူတွေ များလာလို့။ အပူချိန်က မိုးလေဝသ အခြေအနေကို အများကြီး အပြောင်းအလဲ ဖြစ်စေတယ်။ အပူတွေ များနေရင် မုန်တိုင်းတွေက အစ အားကောင်းတတ်တယ်။ ပင်လယ်ရေ မျက်နှာပြင်ပူရင် ရေခိုးရေငွေ့ ထုတ်လွှတ်မှု များတယ်။ လေထု မငြိမ်မသက်မှု များတယ်။ အဲ့ဒီတော့ မုန်တိုင်း သဘောသဘာဝအရ ပင်လယ်မျက်နှာပြင် အပူချိန်ကလည်း များမှ ရမယ်။ အဲ့ဒီလိုမျိုး ရှိတယ်။ မိုးတိမ်တောင်တွေ ဖြစ်တယ်ဆိုတာကလည်း ကုန်းပေါ်မှာ အပူချိန်များတော့ မိုးတိမ်တောင်ဖြစ်စဉ် ပိုဖြစ်တဲ့ သဘောပေါ့” ဟု ဦးလှထွန်းက ရှင်းပြသည်။
လက်ရှိတွင် မုတ်သုန်သည် မြန်မာနိုင်ငံတောင်ပိုင်းကို ဝင်ရောက်ပြီး ဖြစ်ကာ လာမည့် ရက်များတွင် မြစ်ဝကျွန်းပေါ်သို့ ဝင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပုံမှန်ဆို မုတ်သုန်ဝင်သွားရင် မိုးတိမ်တောင် ဖြစ်စဉ်တွေက တဖြေးဖြေးနဲ့ ပျောက်သွားရမှာ။ သို့သော် မပျောက်ဘူး ဆိုတာက အပူများတာကိုး။ မုတ်သုန် အားကောင်းရင် မိုးပုံမှန်ရွာတော့ မိုးတိမ်တောင်ဖြစ်စဉ်က သိပ်မတွေ့ရဘူး။ တကယ်တမ်းကျတော့ မိုးတိမ်တောင်က ရာသီအလိုက် ဖြစ်နေတာ။ အားကောင်းတာ မကောင်းတာ အပေါ် မူတည်တယ်။ ဒီလို မုတ်သုန်ရာသီပေါ့နော်။ မုတ်သုန်လေ အားနည်းနည်း လျော့တာနဲ့ အပူက တက်လာပြီး မိုးတိမ်တောင်က ပြန်ဖြစ်လာတာ။ အဖြစ်အများဆုံးကတော့ အပူချိန် အများဆုံး မိုးလည်း နည်းတဲ့ မိုးကြို ကာလတွေပေါ့။ မတ်၊ ဧပြီ၊ မေ ပေါ့။ နောက်ပြီး မုတ်သုန်ဆုတ်သွားရင် မိုးနှောင်းဆို အောက်တိုဘာပေါ့။ မိုးတိမ်တောင်တွေ ဖြစ်တယ်။ မိုးကြိုးပစ်တာကလည်း တစ်နှစ်ထက် တစ်နှစ် ပိုမြင့်မားတာလာရှိတယ်။ အဲ့ဒါကလည်း အပူချိန် မြင့်မားတာနဲ့ သက်ဆိုင်တာပေါ့” ဟု ဦးလှထွန်းက ရှင်းပြသည်။