MT News
Written by Nay Aung
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်ရှိဈေးများဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် မရှိမဖြစ်လိုအပ်သော အစားစာဈေးနှုန်းများ၊ အစားအစာမဟုတ်သော အခြားကုန်ပစ္စည်းများ ဈေးနှုန်းများနှင့် ဝန်ဆောင်မှုများ ဈေးတက်လျက်ရှိနေကြောင်း Market Analysis Unit (MAU)အဖွဲ့က ပြောသည်။
ပြီးခဲ့သော မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းသည် မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ရာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၇ မြို့သည် မုန်တိုင်းဒဏ်ကို ဆိုးရွားစွာတွေ့ကြုံခံစားခဲ့ရပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
မုန်တိုင်းဒဏ်ခံရရ၍ စစ်တွေမြို့တွင် လျှပ်စစ်မီးများပြတ်တောက်မှုကြောင့် ရေရှိရေးနှင့် ရေစုပ်စက်ပန့်များကိုသက်ရောက်မှုများစွာဖြစ်နေကြောင်း သိရသည်။ ရေရရှိရန်အတွက် လက်ကိုအသုံးပြုရသော ရေစုပ်စက် (တုံကင်) ဈေးနှုန်းများသည် လက်ရှိအချိန်တွင် ဈေးနှုန်း ၂ ဆခန့်တက်နေကြောင်း၊ မုန်တိုင်းမဖြစ်ခင် တုံကင်တစ်ခုဈေးနှုန်းသည် မြန်မာကျပ်ငွေ ၄၂၀၀၀ ခန့်သာရှိသော်လည်း လက်ရှိအချိန်တွင် ၈၃၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း၊ ထို့အပြင် ပေါင်းခံရေ၏ ဈေးနှုန်းများသည် လက်ရှိအချိန်တွင် ယခင်ထက် ၁၇ ရာခိုင်နှုန်းဈေးတက်နေကြောင်း သိရသည်။
ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စုများသည် သန့်ရှင်းသောရေသန့် ရရှိရန်ခက်ခဲရုန်းကန်နေရဆဲဖြစ်ကြောင်း သိရသည်။ မြောက်ဦးမြို့၏အဓိကဈေးကြီးပျက်စီးမှုသည် စစ်တွေမြို့၏ အဓိကဈေးကြီးများ ပျက်စီးမှုထက် နည်းပါးခဲ့ကြောင်းဒေသခံဈေးသည်များက ပြောသည်။ မြောက်ဦးမြို့တွင် ဆပ်ပြာဈေးနှုန်းသည် ယခင်ထက် ၂၅ ရာခိုင်နှုန်းမြင့်တက်နေသော်လည်း အခြားကုန်ပစ္စည်းများ၏ဈေးနှုန်းများ သင့်တင့်မျှတမှုရှိကြောင်း(MAU)အဖွဲ့က ဆိုသည်။
ပုဏ္ဏာကျွန်းမြို့တွင် တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများနှင့် အမိုးအကာ ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး စောင် ဈေးနှုန်းက ၁၇ ရာခိုင်နှုန်း၊ တာပေါ်လင် ဈေးနှုန်းများက ၆၀ ရာခိုင်နှုန်းမြင့်တက်နေသလို ခြင်ထောင်ဈေးနှုန်းကလည်း ယခင်ထက် နှစ်ဆ ဈေးတက်လျက်ရှိနေကြောင်း သိရသည်။ ထို့အပြင် ပုဏ္ဏာကျွန်းမြို့တွင် သွားတိုက်ဆေးက ၁၉ ရာခိုင်နှုန်း၊ ဆပ်ပြာဈေးနှုန်းက ၅၀ ရာခိုင်နှုန်း၊ မြင့်တက်နေသော်လည်း သန့်ရှင်ရေး Pad ပစ္စည်းများ ဈေးနှုန်းကတည်ငြိမ်နေကြောင်း MAU အဖွဲ့က ပြောသည်။
မြောက်ဦး၊ ပုဏ္ဏာကျွန်း၊ စစ်တွေမြို့ရှိ ဈေးများထိခိုက် ပျက်စီးခဲ့ခြင်းကြောင့် ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိရာ ကုန်ဈေးနှုန်းများ ဈေးတက်နေခြင်းဖြစ်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်အတွက် လာမည့်သီတင်းပတ်အတွင်း ငွေကြေးကူညီပံ့ပိုးပေးမှုများ ပိုမိုလုပ်ဆောင်ရဖွယ်ရှိနေကြောင်း MAU အဖွဲ့ကဆိုသည်။
Ref——-reliefweb