MT News
Written by Nay Aung
ရာသီဥတုပြောင်းလဲမှုနှင့်အတူ အပူချိန်မြင့်တက်လာမှုများကြောင့် ဘေးအန္တရာယ်များနှင့် တွေ့ကြုံရဖွယ်ရှိနေသော အာရှတိုက်ရှိ မြစ်ကြီး ၁၀ မြစ်ထဲတွင် မြန်မာနိုင်ငံကို ဖြတ်သန်းစီးဆင်းလျက်ရှိနေသော မဲခေါင်မြစ်၊ သံလွင်မြစ်နှင့် ဧရာဝတီမြစ်တို့ပါဝင်လျက်ရှိနေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော ဟောင်ကောင်အခြေစိုက် Think-Tank အဖွဲ့တစ်ဖွဲ့ဖြစ်သော China Water Risk (CWR) ၏ ထုတ်ပြန်ချက်များအရသိရသည်။
China Water Risk (CWR) အဖွဲ့သည် “No River, No Power”အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာ ရာသီဥတု ပြောင်းလဲမှုများကြောင့် နိုင်ငံပေါင်း ၁၆ နိုင်ငံအတွက် စွမ်းအင်လုံခြုံရေးနှင့် စီးပွားရေးအတွက် အဓိကအရေးပါနေသော အာရှတိုက်ရှိ မြစ် ၁၀ မြစ်၏ မြစ်ကြောင်းစနစ်များ ဘေးအန္တရာယ်တွေ့ကြုံရဖွယ်ရှိနေကြောင်း ဆိုသည်။
ရာသီဥတု ပြောင်းလဲမှုများကြောင့် ကမ္ဘာမြေ၏အပူချိန်သည် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်မှ ၂ ဒီဂရီစင်တီဂရိတ်အထိ ထပ်မံမြင့်တက်နေမည်ဆိုလျှင်မြစ်အားလုံး၏ မြစ်ကြောင်းစနစ်နှင့် ရေအန္တရာယ်များဖြစ်လာနိုင်ကြောင်း၊ အပူချိန်မြင့်တက်နေမည်ဆိုလျှင်အာရှတိုက်ရှိ မြစ် ၁၀ မြစ်အနက် မြစ် ၄ မြစ်သည် ၂၀၅၀ ပြည့်နှစ်တွင် မြစ်ရေစီးကြောင်းအလုံးစုံပျက်စီးသွားဖွယ်ရှိနေကြောင်း၊CWR အဖွဲ့က ဖော်ပြထားသည်။
ရာသီဥတု ပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်နှင့် တွေ့ကြုံရဖွယ်ရှိနေသော အာရှတိုက်ရှိ မြစ် ၁ဝ မြစ်သည် ဧရာဝတီမြစ်၊ သံလွင်မြစ်၊ တာရင်မြစ်၊ ယမ်ဇီမြစ်၊ မြစ်ဝါမြစ်၊ မဲခေါင်မြစ်၊ အင်ဒက်စ်မြစ်၊ ဂမ်ဂက်စ်မြစ်၊ အာမူဒါရာမြစ်၊ ဘာဟတ်မာပူတရာမြစ်တို့ဖြစ်သည်။
မြန်မာနိုင်ငံကို ဖြတ်သန်းစီးဆင်းနေသော မဲခေါင်မြစ်၊သံလွင်မြစ် နှင့် ဧရာဝတီမြစ်သည် နိုင်ငံ့ ရေမျက်နှာပြင်၏ ၃၅ ရာခိုင်နှုန်းကိုထောက်ပံ့ပေးနေသလို နိုင်ငံလူဦးရေအားလုံး၏ ၅၈ ရာခိုင်နှုန်း၊ နိုင်ငံ့ဂျီဒီပီ အားလုံး၏ ၄၆ ရာခိုင်နှုန်းကို ကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်း CWR အဖွဲ့က ပြောသည်။
မြန်မာနိုင်ငံတွင်တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလုံး၏ သုံးပုံ၊ နှစ်ပုံသည် ဧရာဝတီမြစ်မှ ရရှိနေခြင်းဖြစ်ကြောင်း ထို့အပြင် မြန်မာနိုင်ငံတွင်တပ်ဆင်ထားသော လျှပ်စစ်ဓာတ်အားလုံး သုံးပုံ တစ်ပုံက သံလွင်မြစ်က ရရှိနေခြင်းဖြစ်ကြောင်း CWR အဖွဲ့က ပြောသည်။
CWR အဖွဲ့၏ အကြီးအကဲ ဒီဘရာတန်က “အာရှတိုက်ရှိ မြစ်ကြီး ၁၀ မြစ်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာဖွယ်ရှိနေတယ်။ ရာသီဥတု ပြောင်းလဲမှုနဲ့အတူ အပူချိန်မြင့်တက်မှုကြောင့် မြစ်ကြောင်းစနစ်နဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုခံနိုင်တဲ့ စွမ်းအင်စနစ်တွေအပြောင်းအလဲတွေဖြစ်လာနိုင်တယ်” ဟု ပြောသည်။
Ref——-China Water Risk (CWR)