MT News
Written by Nay Moe
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ခနိမ်းမူတိုးချဲ့ကွက်သစ်ရှိ ခရိုင်မီးသတ်ရုံးသို့ မေလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF အဖွဲ့က ၆၀ မမဖြင့် ပစ်ခတ်ခဲ့ရာမှ အရပ်သားဇနီးမောင်နှံ ၂ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်၊ ကွက်သစ်(၃)လမ်းတွင် နေထိုင်သူ ဦးဖိုးကျားနှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မြတ်ထွေးတို့သည် မော်တော်ဆိုင်ကယ်ဖြင့် မြို့တွင်းသို့သွားရောက်ရန်ပြင်ဆင်နေစဉ် မေလ ၂၈ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် KKO (ခွဲထွက်)အဖွဲ့နှင့် PDF များက တောင်ကြားကျေးရွာဘက်မှ ကော့ကရိတ်မြို့ခရိုင်မီးသတ်ရုံးသို့ ဦးတည်ကာ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ ၎င်းတို့၏ နေအိမ်ရှေ့သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။
ဗုံးသီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းနေရာအနီးတွင် နေထိုင်ပြီး ပြင်ပသို့ထွက်ခွာရန် ပြင်ဆင်နေသည့် ဦးဖိုးကျားတွင် ဦးခေါင်းယာဘက်ခြမ်းပွင့်ထွက်၊ ဝဲ/ယာပေါင် ကြေမွ(သေဆုံး)၊ ဒေါ်ခင်မြတ်ထွေးတွင် ယာလက်မောင်းပေါက်ပြဲဒဏ်ရာ၊ ဝဲပါး၊ ဝဲပေါင်၊ ဝဲဒူးခေါင်းနှင့် ဝဲခြေခုံ ပေါက်ပြဲဒဏ်ရာ၊ ဝဲလည်ပင်းဖောက်ဝင်ဒဏ်ရာ(သေဆုံး) တို့ ထိခိုက်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သေဆုံးသူ ရုပ်အလောင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကော့ကရိတ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
အသေးစိတ်ပုံများအား ကြည့်ရှုရန်