October 30, 2024

MT News

Written by Nay Moe

ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ အပေါင်းအပါဖြစ်သူ အခြားတစ်ဦးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးအင်အားစု(WTRF) အဖွဲ့က အောက်တိုဘာ ၁၇ ရက်တွင် ပြောသည်။

အဆိုပါ လုပ်ကြံသတ်ဖြတ်မှုကို အောက်တိုဘာ ၁၇ ရက် မွန်းလွဲပိုင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်မိုးဦး (မြို့နယ်အုပ်ချုပ်ရေးမှူး) နှင့် အပေါင်းအပါတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ဦးကျော်မိုးဦးမှာ WTRF အဖွဲ့အတွက် ”High Value Target” ဖြစ်ကာ ဦးကျော်မိုးဦး၏ ရဲတပ်ဖွဲ့ဝင်ဖြစ်ခဲ့စဥ်ကပုံများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့်ပုံများဖြင့် လုပ်ကြံသတ်ဖြတ်ပြီးဖြစ်သည်ဟုလည်း ပြောသည်။

“ထမင်းဆိုင်ထဲမှာ နေ့လည် တစ်နာရီမှာ ဝင်ပစ်ခဲ့တာပါ။ Video Record ရှိပေမယ့် ထုတ်လို့အဆင်မပြေလို့ သတင်းမှာ မတင်ဖြစ်တာပါ” ဟု WTRF အဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၁၇ ရက်နေ့က ပြောသည်။

အဆိုပါလုပ်ကြံမှုတွင် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟုဆိုသော်လည်း ဦးကျော်မိုးဦး အမှန်တကယ် ကွယ်လွန်မှု ရှိ မရှိတို့ကို MT News က သက်ဆိုင်သူများထံ ဆက်သွယ်စုံစမ်းနေသော်လည်း အတည်ပြုဖြေဆိုခြင်းမရှိချေ။

ဝမ်းတွင်းမြို့နယ်တွင် WTRF အဖွဲ့က အုပ်ချုပ်ရေးပိုင်းမှ အကြီးအကဲများကို လိုက်လံသတ်ဖြတ်နေပြီး ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်ကလည်း ဝမ်းတွင်းမြို့မစခန်းမှူးအား သေနတ်ဖြင့် ခြောက်ချက်ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟုလည်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *